DVB Logo
Home
မြန်မာသတင်း
နောင်ချိုတိုက်ပွဲ၌ ပါဝင်ခဲ့သည့် စစ်သည် ၈၅ ဦးကို ဒုစစ်ခေါင်းဆောင်က တဆင့်မြင့်ရာထူးတိုးပေး
DVB
·
July 22, 2025
နောင်ချိုတိုက်ပွဲ၌ ပါဝင်ခဲ့သည့် စစ်သည် ၈၅ ဦးကို ဒုစစ်ခေါင်းဆောင်က တဆင့်မြင့်ရာထူးတိုးပေး
Donate to DVB

စစ်ကောင်စီလက်အောက်ခံ တိုင်းစစ်ဌာနချုပ် ၆ ခုနဲ့ လေတပ်၊ ဒရုန်းတပ်စု ပေါင်းပြီး ပြန်တိုက်ခဲ့ရတဲ့ နောင်ချိုမြို့ကို ပြန်ရချိန်မှာ ဒုစစ်ခေါင်းဆောင်က   အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်သည် ၈၅ ယောက်ကို  ဇူလိုင် ၂၁ ရက်မှာ တဆင့်မြင့်ရာထူးတွေ တိုးပေးခဲ့ပါတယ်။

အောင်ဇေယျစစ်ဆင်ရေး အမည်နဲ့ နောင်ချိုမြို့ကို ပြန်လည်တိုက်ယူရာမှာ ပါဝင်တဲ့ တခြားအဆင့် ၈၅ ယောက်ကို ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ကစထမှူး ၂ ဒု-ဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး တို့က နောင်ချိုမြို့နယ်ခန်းမမှာ တဆင့်မြင့်ရာထူး တိုးပေးခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“အရင်ကတည်းက ရာထူးတိုးပေးမယ်ဆိုတဲ့ ကတိနဲ့ တိုက်ကြတာ၊ တပ်ဘက်က အတော်လေး သေကျေပြီးမှ နောင်ချိုပြန်ရတာ၊ တောင်ခမ်းတဝိုက် ပြန်ရတော့ ဗိုလ်မှူးကြီးနိုင်ဝင်းတို့အဖွဲ့ ရာထူးတိုးတယ်၊ အခုက တပ်မ ၁၁၊ တပ်မ ၅၅ နဲ့ စကခ ၁၂ အဖွဲ့တွေ ရာထူးတိုးတာ၊ တခြားအဆင့်တွေ အရင်ပေးတာ၊ နောက်မှ တပ်မှူးတွေ၊ စကခမှူးတွေ ပေးမှာ။”

နောင်ချိုမြို့ကို ပြန်တိုက်ရာမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရာရှိစစ်သည်တွေအပြင် လေတပ်၊ ဒရုန်းတပ်ဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။

စစ်ကောင်စီက ပြန်လည်ရရှိထားတဲ့ နောင်ချိုမြို့နယ်အတွင်းက ဌာနဆိုင်ရာရုံးတွေနဲ့ ဆေးရုံ၊ စာသင်ကျောင်းတွေ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် နေ့စဥ် ဝန်ထမ်းတွေကို မော်တော်ယာဥ်တွေနဲ့ ပို့ဆောင်နေပြီး ရုံးအချို့ လည်ပတ်နေပြီလို့ ဒေသခံတယောက်က  ဒီဗွီဘီ ကိုပြောပါတယ်။

“ဌာနဆိုင်ရာရုံးတွေ ပြန်ဖွင့်ဖို့ စစ်တပ်က လူအင်အားနဲ့လုပ်တာ။ ဝန်ထမ်းနဲ့ စားနပ်ရိက္ခာတွေကို ဆယ်ဘီးကားတွေနဲ့ ပို့နေတာ။ ဆေးရုံနဲ့ ရဲစခန်းက ပြန်ဖွင့်ပြီ။ အထက ၁ ကျောင်းလည်း ပြန်ဖွင့်ဖို့လုပ်နေတယ်။ ဆရာ၊ ဆရာမတွေလည်း ရောက်နေပြီ။ စစ်ရှောင်တွေက အကုန်ဝင်မလာသေးဘူး။ အခြေအနေ စောင့်ကြည့်နေတဲ့သူတွေရှိတယ်။”

ဒီလို အင်အားအများကြီးသုံးခဲ့ပေမဲ့ TNLA နဲ့ ဓနု PDF တွေရဲ့ ပြန်လည်ခုခံမှုကြောင့် နောင်ချိုမြို့ ပြန်လည်ရရှိရေးအတွက် ၁၁ လကြာ တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲပေါင်း ၅၈၆ ကြိမ် ဖြစ်ခဲ့တယ်လို့ ဇူလိုင် ၁၇ ရက်မှာ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

နောင်ချိုမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ သိမ်းပိုက်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးမှာ တိုင်းစစ်ဌာနချုပ် ၂ ခုနဲ့ တပ်စခန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးခဲ့တဲ့ အာဏာသိမ်း စစ်တပ်အနေနဲ့ တရုတ်အစိုးရရဲ့ ညှိနှိုင်းပေးမှုကြောင့် MNDAA ကိုးကန့်အဖွဲ့ဆီက လားရှိုးမြို့ကိုလည်း ပြန်ရထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013