
ချင်းပြည်နယ်မှာ ၂ လနီးပါးကြာ အသုံးပြုခွင့် ယာယီပိတ်ထားခဲ့တဲ့ ကလေး-သိုင်းငင်း လမ်းမကြီးကို ဇူလိုင် ၁၇ ရက်မှာ ပြန်လည်အသုံးပြု သွားလာခွင့်ပြုပေးလိုက်ပြီလို့ CDF-CDM Siyin ဆီကနေ သိရပါတယ်။
CDF-CDM Siyin ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ရေးအခြေအနေတွေကြောင့်မို့ ပြီးခဲ့တဲ့ မေလ တတိယပတ်တည်းကနေ စတင်ပိတ်ထားခဲ့တဲ့ ကလေး-သိုင်းငင်း လမ်းမကြီးမှာ အခုဆိုရင် စစ်တပ်စစ်ကြောင်း မရှိတော့လို့ ပြည်သူတွေကို လမ်းအသုံးပြုနိုင်ဖို့ ပြန်လည် ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ တတိယပတ်တည်းက စတင်ပြီး ချင်းပြည်နယ်ဘက်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းပူးပေါင်းတပ်ဖွဲ့ဘက်က ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတဲ့အတွက် စစ်ကောင်စီတပ် စစ်ကြောင်းဟာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
CDF-CDM SIYIN စစ်ဦးစီးချုပ် ထောင်းပူက “ကလေး-သိုင်းငင်း လမ်းအတိုင်း ကလေးမြို့ဘက်ကနေ အင်အားအလုံးအရင်းနဲ့ ချင်းတောင်ပေါ်ကို တက်လာကြတဲ့ စစ်ကောင်စီစစ်ကြောင်းကို တလနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ အထိနာပြီးတော့ သေဆုံးမှုတွေ များပြားခဲ့လို့ ကလေးမြို့ဘက်ကို ပြန်ဆုတ်သွားတော့ ကလေး-သိုင်းငင်းလမ်းပေါ်မှာ စစ်တပ်စစ်ကြောင်း မရှိတော့လို့ တိုက်ပွဲတွေလည်း ဖြစ်တာမရှိတော့ဘူး။ ကျနော်တို့ဘက်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ပြီးတဲ့နောက် ပြည်သူတွေ ပြန်လည်အသုံးပြုနိုင်ဖို့ လမ်းပြန်ဖွင့်ပေးခဲ့တာပေါ့” လို့ ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူတွေ အများအပြား ပြုလုပ်ခဲ့လို့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၅ ရက်နေ့မှာတော့ မွလ်ပီးကျေးရွာကနေ ကလေးမြို့ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း ဆိုပါတယ်။
ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်အတွင်းက မြို့နယ်အများစုကို သိမ်းပိုက်ရရှိထားပြီး တီးတိန်၊ ခိုင်ကမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့တွေမှာသာ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိတော့လို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းပြီး လေကြောင်းကဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ချင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။










