DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်များကို စနစ်တကျမောင်းနှင်ရန် လောင်းလုံး ပအဖ သတိပေး
DVB
·
July 14, 2025
ဆိုင်ကယ်များကို စနစ်တကျမောင်းနှင်ရန် လောင်းလုံး ပအဖ သတိပေး
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဇူလိုင် ၉ ရက်ကစပြီး မော်တော်ဆိုင်ကယ် မောင်းနှင်သူတွေကို ပတ်ဝန်းကျင်နဲ့ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ပါဝါအိတ်ဇောပိုက် တပ်ဆင်တာတွေ၊ အသံဆူညံစွာ မောင်းနှင်တာတွေ မပြုလုပ်ဖို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်ထားပါတယ်။

စာထုတ်ပြန်တဲ့ ဇူလိုင် ၉ ရက်ကနေ ဇူလိုင် ၁၈ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ‌ဒေသခံတွေထံက တိုင်ကြားမှုတွေရှိတာကြောင့် ဖြေရှင်းဆောင်ရွက်ပေးတာလို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။

“မြို့နယ်အတွင်းမှာ ပါဝါအိတ်ဇောပိုက်တပ်ပြီး မောင်းတာတွေရှိတော့ ပြည်သူတွေ အထိတ်တလန့် ဖြစ်တယ်၊ စိတ်အနှောင့်အယှက်ဖြစ်လို့ ဖြေရှင်းပေးဖို့ တိုင်ကြားတာတွေ ရှိလို့ပါ။ ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ စာထုတ်ရတာပါ။ ထုတ်ပြန်ထားတဲ့အတိုင်းပဲ ပညာပေးကာလကို ၁၀ ရက် ဆောင်ရွက်သွားမှာပါ။”

အဲဒီလုပ်ငန်းစဉ်ကို လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဦးဆောင် အကောင်အထည်ဖော်ပေးဖို့နဲ့ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာတွေရဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ လမ်းညွှန်ထားတယ်လို့ ပြောပါတယ်။

ပညာပေးကာလ ကျော်လွန်သွားရင်လည်း အပြစ်ပေး အရေးယူမှုတွေ ဆက်လုပ်သွားဖို့ရှိတယ်လို့ ဆက်ပြောပါတယ်။

“အပြစ်ပေး အရေးယူမှုတွေကိုတော့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆက်လက်ဆောင်ရွက်မှာပါ။ အခုကတော့ ပညာပေးလုပ်ငန်းစဉ်ကို မြို့နယ် ပလဖ ဦးဆောင်မှုနဲ့ စတင်လုပ်ဆောင်နေပါပြီ။ ကျနော် မြို့နယ် ပအဖ အနေနဲ့လည်း စိုးမိုးနယ်မြေတွေမှာ တရားဥပဒေစိုးမိုး‌ရေး လုပ်ငန်းတွေကို ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအားနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။”

လတ်တလော အခြေအနေမှာတော့ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်နေတဲ့အပြင် ဒေသခံတွေအချင်းချင်း အသိပေးတာတွေ၊ သတင်းအချက်အလက် ပေးတာတွေကြောင့် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းပြီး ရလဒ်ကောင်းတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013