
ပူတင်ကို ထရမ့်ပ် ဝေဖန်ခဲ့ပြီးနောက် ရုရုားရဲ့ အကြီးမားဆုံး တိုက်ခိုက်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ယူကရိန်သမ္မတ ဇလန်းစကီးက ပြောပါတယ်။
ရုရှားဟာ ဒရုန်း ၇၂၈ စင်း၊ ဘယ်လစ်တစ်ဒုံးကျည် ၁၃ စင်းတို့နဲ့ တိုက်စစ်တွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
အပစ်ရပ်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစားမှုတွေ ပြုလုပ်နေတဲ့အချိန်မှာ အချိန်ကိုက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း ဇလန်းစကီးက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပူတင်အပေါ် စိတ်ပျက်မိကြောင်း အင်္ဂါနေ့က ဝေဖန်ခဲ့ပြီးနောက် ရုရှားက ယူကရိန်းကို ညတွင်းချင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်သလို အကြီးမားဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ကြာသပတေးနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ချက်အရ ရုရှားတို့ဟာ ယူကရိန်းနိုင်ငံရဲ့ ခရိုင် ၆ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီလို တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ထောင်ပေါင်းများစွာဟာ တညလုံး ဗုံးခိုကျင်းတွေထဲမှာ ခိုအောင်းခဲ့ရပါတယ်။
“လူနေအဆောက်အအုံတွေ၊ ယာဉ်တွေ၊ ကုန်သိုလှောင်ရုံတွေ၊ ရုံးတွေ၊ လူမနေတဲ့ အဆောက်အအုံတွေဟာ မီးလောင်ခဲ့ပါတယ်” လို့ ကိယက်ဗ် စစ်တပ်အကြီးအကဲက တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
ဒါဟာ ရုရှားက ယူကရိန်းကို တညအတွင်း အကြီးမားဆုံးတိုက်ခိုက်မှု ဖြစ်ပြီး မြို့ ၆ မြို့ရဲ့ ခရိုင် ၁၀ ခုမှာ ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။
ဇလန်းစကီးဟာ ဒီတပတ်မှာ ရောမမြို့ကို ရောက်ရှိနေပြီး အမေရိကန်သံတမန် ကယ်လော့၊ ပုပ်ရဟန်းမင်းကြီး၊ ဂျာမန်အဓိပတိ မတ်ဇ်တို့ အပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေပါတယ်။
ယူကရိန်းနိုင်ငံ လေကြောင်းကာကွယ်ရေးအတွက် အကူအညီပေးမှာဖြစ်တဲ့အကြောင်း ဂျာမန်အဓိပတိက ကတိပြုထားပါတယ်။
Source: Reuters