
ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ဇူလိုင် ၈ ရက် အစောပိုင်းက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ မာဆေးလ်မြို့ကို ဦးတည်ရွေ့လျားနေပြီး တနာရီလျှင် ၇၀ ကီလိုမီတာနှုန်းအထိ တိုက်ခတ်လာတဲ့ လေပြင်းတွေကြောင့်လည်း တောမီးမြန်မြန်ဆန်ဆန် ပျံ့နှံ့လောင်ကျွမ်းလာခဲ့လို့ မားဆေး ပရိုဗန့်စ် လေဆိပ်ကို ပိတ်လိုက်ရတယ်လို့ လေဆိပ်ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။
ပြင်သစ် နွေရာသီအားလပ်ရက်ကာလ စတင်ချိန်လေး ဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုရှိတယ်လို့လည်း ဆိုပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် မားဆေးရဲ့ မြောက်ဘက်ရှိ လီပင်းန်မိဟာဘူ မြို့အနီးက ဟက်တာ ၃၀ လောက် နေရာမှာ မီးသတ်သမား ၁၆၈ ဦးကို မီးငြှိမ်းသတ်ဖို့ တာဝန်ဖြန့်ကျက် ချထားခဲ့ကြောင်း ဒေသခံမီးသတ်တပ်ဖွဲ့က X မှာ ပြောထားပါတယ်။
မီးသတ်ကားတွေနဲ့ ရဟတ်ယာဉ်တွေကိုလည်း အသုံးပြုခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် လီပင်းန် မိဟာဘူ မြို့တွင်းရှိ ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
လေယာဉ်တွေဟာ နေ့လယ်ပိုင်းကတည်းက အဆင်းအတက် မရှိသေးကြောင်းနဲ့ တချို့လေယာဉ် တွေကတော့ နီးစ်နဲ့ နီးမ်မြို့တွေနဲ့ တခြားဒေသလေဆိပ်တွေဆီကို လမ်းကြောင်းပြောင်း မောင်းခဲ့ရတယ်လို့ မားဆေးလေဆိပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ လေဆိပ်ကို ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ မသိရသေးပါဘူး။
မားဆေးမြို့တော်ရဲ့ အပြင်ဘက် ကန့်သတ်ဧရိယာမှာ တောမီးအန္တရာယ် ပိုများလာကာ မီးခိုးလုံးတွေ ဖုံးလွှမ်းနေတယ်လို့ မားဆေးမြို့တော်ရဲ့ ၁၅ ရပ်ကွက်နဲ့ ၁၆ ရပ်ကွက် ဆိုင်ရာ မြို့တော်ဝန်ရုံး ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ဒုတိယမြို့တော် မားဆေးရဲ့ ဆင်ခြေဖုံးမှာ တောမီးကြောင့် ဟက်တာ ၇၀၀ (ဧက ၁၇၃၀) လောက် လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံ ၁၀ လုံးကျော် ပျက်စီးသွားကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းက ဟက်တာ ၂,၀၀၀ လောက် လောင်ကျွမ်းသွားတဲ့ နာဘွန် မြို့လေးမှာလည်း ဇူလိုင် ၈ ရက်မှာ မီးသတ်သမားတွေက ဆက်လက်ငြှိမ်းသတ်နေပါတယ်။
မီးလောင်နေတဲ့ ၂၅ ကီလိုမီတာလောက် ရှိတဲ့ မီးလိုင်းအတွက် တပ်ဖွဲ့ဝင် ၁,၀၀၀ လောက်ကို တာဝန်ချထားခဲ့ရပြီး လေကြောင်းစူးစမ်းရေးအဖွဲ့တွေနဲ့ မြေပြင် မီးသတ်ဝန်ထမ်းတွေက တနေ့လုံး လုပ်ဆောင်ခဲ့ရကြောင်း အူးဒ်နယ်မြေ မီးသတ်နဲ့ကယ်ဆယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
Source:Reuters