DVB Logo
Home
မြန်မာသတင်း
ရွှေညဝါဆရာတော် ပျံလွန်တော်မူ
DVB
·
July 10, 2025
ရွှေညဝါဆရာတော် ပျံလွန်တော်မူ
Donate to DVB

နိုင်ငံ‌ရေးအကျဉ်းသားဟောင်းဖြစ်သလို ရွှေညဝါလောကပါလ၊ သာသနပါလ အကျိုးဆောင်အသင်း ဦးဆောင်သူလည်းဖြစ်တဲ့  ရွှေညဝါဆရာတော်ဟာ ဇူလိုင် ၁၀ ရက် မနက် ၂ နာရီ ၄၅ မိနစ်မှာ ဘဝနတ်ထံ ပျံတော်မူသွားပြီဖြစ်ပါတယ်။

ဆရာတော်ဟာ သက်တော် ၆၀ အရွယ်မှာ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ အသည်းရောဂါနဲ့ တက်ရောက်ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူသွားတာပါ။

ဆရာတော်ဟာ ၁၉၈၈ အရေးတော်ပုံကာလမှာ ရဟန်းပျိုများသမဂ္ဂရဲ့ ခေါင်းဆောင်တပါး အဖြစ်ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပါတယ်။ 

အဲဒီနောက် ပြန်လွတ်လာပြီးနောက်ပိုင်း သာဓုပရိယတ္တိစာသင်တိုက်ရဲ့ ကျောင်းထိုင်နာယက ဆရာတော်အဖြစ် သီတင်းသုံးခဲ့သလို ၂၀၀၄ ခုနှစ်မှာ ရန်ကုန် ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ပြီး ဗုဒ္ဓစာပေတွေကို ပို့ချခဲ့ပါတယ်။

ဆရာတော်ဟာ သူ့ရဲ့ သာဓု ပရိယတ္တိစာသင်တိုက်မှာ နိုင်ငံရေးအထိမ်းအမှတ်ပွဲတွေကို ကျင်းပခွင့်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် အဲဒီခေတ်က အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပါတယ်။ ၂၀၁၁ ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်မှာ ဆရာတော်ကို  နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က  တရားဟောခွင့် တနှစ် ပိတ်ခဲ့သလို ၂၀၁၂ မှာလည်း သံဃမဟာနာယကအဖွဲ့ရဲ့ ဆန္ဒအရ သူ့ရဲ့ သာဓုကျောင်းတိုက်က ထွက်ခွာဖို့ ခံဝန်ကတိထိုးပေးပြီး ထွက်ခွာခဲ့ရပါတယ်။ ရွေးကောက်ပွဲလုပ်မယ့်  ၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံရေးအယူအဆတွေ ဟောပြောတတ်တဲ့ ဆရာတော်ကို သံဃမဟာနာယကအဖွဲ့ကပဲ ဗုဒ္ဓဆိုဆုံးမမှုနဲ့မညီလို့ဆိုပြီး တရားဟောခွင့် ရာသက်ပန်ပိတ်ပင်ခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းတဲ့နေ့ မနက်အစောပိုင်းမှာပဲ ဆရာတော်ကို ဘာအပြစ်မှမရှိဘဲ စစ်တပ်ကဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင် ၂ နှစ်ချခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်ကစပြီး ထောင်ထဲမှာ ရခဲ့တဲ့ ဒဏ်တွေနဲ့ အသည်းရောဂါကိုခံစားခဲ့ရတာပါ။

ဆရာတော်ဟာ ပျံလွန်တော်မမူခင်အချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေ၊ အကျဉ်းသားဟောင်းတွေကို ကူညီထောက်ပံ့သလို ငလျင်ဒဏ်သင့်ဒေသတွေကိုလည်း ရောဂါဝေဒနာကြားကနေ ကြွရောက်ပြီး ကူညီထောက်ပံ့ပေးခဲ့သူဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013