
သိန္နီမြို့ကို ပြန်တောင်းတာကြောင့် တရုတ်ကြားဝင်ဆောင်ရွက်ပေးတဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ စစ်ကောင်စီကြား ဆွေးနွေးပွဲ အဆင်မပြေဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
စစ်ကောင်စီဟာ တရုတ်ရဲ့ အကျိုးစီးပွားကို မကာကွယ်နိုင်ဘူး ဆိုတာကို ပြနိုင်မှပဲ တော်လှန်ရေးအင်အားစုတွေအတွက် ဖိအားလျော့မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
တရုတ်ကြားဝင်မှုနဲ့ MNDAA နဲ့ စစ်ကောင်စီတို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။
တွေ့ဆုံပွဲကို လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က သိန္နီမြို့ကို ပြန်ပြီးလွှဲပေးဖို့ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီ တောင်းဆိုမှုကို MNDAA ဘက်ကတော့ လက်မခံခဲ့တာကြောင့် အစည်းအဝေးက သဘောတူညီမှုမရဘဲ ပြီးဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ နီးစပ်သူတယောက်က ပြောပါတယ်။
“စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းနေတယ်။ နဂိုကတည်းကလည်း လားရှိုးမှာ သူတို့က တော်တော်များများ ရောက်နေတာလေ။ ဒီဘက်ကလည်း အသင့်အနေအထားပဲ။ အရင်ရှိနေတဲ့ နေရာတွေကနေ ရှေ့တိုးထားတယ်။ စစ်ရေးတင်းမာနေတယ်လို့ ပြောလို့ရတယ်။”
၁၀၂၇ ဒုတိယပိုင်း အောင်မြင်မှုအပြီး လားရှိုးကို စစ်ကောင်စီဘက်က လားရှိုးပြန်တောင်းတာကို MNDAA က လက်မခံခဲ့ပေမဲ့ တရုတ်နဲ့ စစ်ကောင်စီဘက်က ဖြတ်ငါးဖြတ်အထိလုပ်ပြီး ဖိအားပေးခဲ့တာကြောင့် နောက်ဆုံး လက်ခံခဲ့ရပါတယ်။
ဒါကြောင့် တရုတ်ဖိအားတွေ ထပ်ရှိလာရင် သိန္နီကိုလည်း ထပ်ပြီး လက်လွှတ်ရဦးမလား ဆိုတာကလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ အကျိုးစီးပွားတွေကို မကာကွယ်နိုင်ဘူးဆိုတာကို စစ်ရေးအရ ရှင်းရှင်းလင်းလင်းပြနိုင်ဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
သိန္နီမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ MNDAA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ နယ်မြေတွေကို ပြန်ပေးဖို့ တရုတ်ရဲ့ဖိအားတွေဟာ TNLA အပေါ်မှာလည်း ရှိနေပါတယ်။
ထက်အောင်