
မြန်မာနိုင်ငံက တင်ပို့မယ့် ကုန်တွေကို အမေရိကန်က ၄၀ ရာခိုင်နှုန်း အခွန်ကောက်ခံမယ့်အကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ် ပေးပို့တဲ့စာနဲ့ ပတ်သက်ပြီး ညှိနှိုင်းသွားမယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၉ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ အမေရိကန်က အခွန်ကောက်ဖို့ စာပို့တာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်ကို ထည့်သွင်းဖော်ပြထားတာပါ။
အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှု၊ ပြန်ကြားမှု လုပ်မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်မယ့်ရလဒ်ရဖို့ မျှော်လင့်တယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ မြန်မာနဲ့ အမေရိကန်နိုင်ငံကြားမှာ ၂၀၁၃ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မူဘောင် သဘောတူညီချက်ကို စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ မတ်လကုန်ပိုင်းမှာကတည်းက အမေရိကန်ဘက်က ရပ်ဆိုင်းထားပါတယ်။
ရပ်ဆိုင်းခံထားရတဲ့ အဲဒီသဘောတူညီချက်က ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေမှာ နှစ်နိုင်ငံကြား ဆွေးနွေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လမ်းကြောင်းတခု ဖန်တီးခဲ့တာပါ။
အဲဒီသဘောတူညီချက်အရ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ပြဋ္ဌာန်းထားတဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ မြှင့်တင်ဖို့နဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်းနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ မြန်မာက သဘောတူထားပါတယ်။
ဒါပေမဲ့ ဇွန်လမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အလုပ်သမားအခွင့်အရေးကို ချိုးဖောက်နေတယ်ဆိုပြီး ILO ရဲ့ ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၃၃ အရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ ဆုံးဖြတ်ထားပါတယ်။