
ယူကရိန်းက ရုရှားရဲ့ တိုက်ခိုက်မှု အများအပြားကို တွန်းလှန်ချေမှုန်းနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပြီး ရုရှားစစ်တပ်ဘက်လည်း နောက်ထပ် ရွာ ၂ ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဇူလိုင် ၆ ရက်မှာ ကြေညာခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ဒန်ညက်စ်ခ်ဒေသထဲက ပတ်ဘ်ဒူးဘနေရွာနဲ့ ခါခိဗ်ဒေသထဲက ဆိုဘိုလွတ်ဖ်ကာ ရွာတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ တိုက်ခိုက်မှုအများအပြားကို ချေမှုန်းခဲ့ပြီး ခါခိဗ်နဲ့ ဒန်ညက်စ်ခ်ဒေသတွေကို ထိုးစစ်အများအပြား ဆင်ခဲ့တယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ရှေ့တန်းမှာ တိုက်ပွဲပေါင်း ၁၄၉ ကြိမ် ဖြစ်ခဲ့တယ်လို့ သတင်းပို့ခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ကူပျန့်စ်ခ်နဲ့ ပေ့ါခ်ရော့ဗ်စ်ခ်ဒေသတွေကို ဦးတည်နေတဲ့ ရုရှားရဲ့ တိုက်ခိုက်မှု အများအပြားကို ချေမှုန်းခဲ့ပြီး ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါခိဗ်မြို့မှာ ရုရှားက ဒရုန်းနဲ့ ညလုံးပေါက် တိုက်ခိုက်လို့ တိုက်ခန်းတွေနဲ့ မူကြိုကျောင်းတကျောင်း ပျက်စီးခဲ့ကာ လူ ၂၇ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ဇူလိုင် ၇ ရက်မှာ ပြောပါတယ်။
ရုရှားနယ်စပ်အနားက ယူကရိန်းအရှေ့မြောက်ပိုင်းမှာရှိတဲ့ ခါခိဗ်မြို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်မှာ ရုရှားက ကျူးကျော်စစ်ပွဲ စတင်ကတည်းက ရုရှားမောင်းသူမဲ့လေယာဉ်နဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေရဲ့ ပုံမှန်ပစ်မှတ် ဖြစ်ခဲ့တာပါ။
ဒဏ်ရာရသူ အများစုဟာ ရှပ်ဗ်ချန်းကိုစကီ ခရိုင်ကဖြစ်ပြီး အရေးပေါ်ဌာနတွေ အခင်းဖြစ်ရာနေရာမှာ အလုပ်လုပ်နေတယ်လို့ ခါခိဗ်ဒေသ အုပ်ချုပ်ရေးမှူး အိုလယ်စီနေဟူဘော့က ပြောပါတယ်။
တိုက်ခိုက်မှု အတိုင်းအတာ အပြည့်အစုံကို ချက်ချင်း မပြောခဲ့ပါဘူး။ စစ်ပွဲအတွင်း အရပ်သားတွေကို ပစ်မှတ်ထားဖို့ နှစ်ဖက်စလုံးက ငြင်းပေမဲ့ ပဋိပက္ခမှာ အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အများစုက ယူကရိန်းနိုင်ငံသားတွေဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Source: Reuters