DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်က အခွန်စည်းကြပ်မည့်ရက် ထပ်မံရွှေ့ဆိုင်း၊ BRICS အဖွဲ့ကို ခြိမ်းခြောက်
DVB
·
July 8, 2025
ထရမ့်ပ်က အခွန်စည်းကြပ်မည့်ရက် ထပ်မံရွှေ့ဆိုင်း၊ BRICS အဖွဲ့ကို ခြိမ်းခြောက်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့အစိုးရအဖွဲ့ဟာ ကုန်သွယ်ဖက်နိုင်ငံတွေဆီကို သွင်းကုန်ခွန်နှုန်းထားအသစ်နဲ့ ပတ်သက်ပြီး ဇူလိုင် ၇ ရက်မှာ အသိပေးစာ ပေးပို့မယ်လို့ အတည်ပြုလိုက်ပါတယ်။

အဲဒီနောက် ထရမ့်ပ်က သူကိုယ်တိုင်ပြောထားတဲ့ ဇူလိုင် ၉ ရက် နောက်ဆုံးသတ်မှတ်ချိန်ကို ဩဂုတ် ၁ ရက်အထိ ထပ်ရွှေ့ဆိုင်းခဲ့ပါတယ်။

အဲဒီကြားကာလမှာ အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက် မရဘူးဆိုရင်တော့ သက်ဆိုင်ရာနိုင်ငံအလိုက် ပိုမိုမြင့်မားတဲ့ အခွန်စည်းကြပ်မှုနဲ့ ရင်ဆိုင်ရနိုင်တဲ့အကြောင်း သတိပေးထားပါတယ်။

“စာ ၁၂ စောင် ဒါမှမဟုတ် ၁၅ စောင်လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ အဲဒီစာတွေနဲ့အတူ ကျနော်တို့ ရထားပြီးဖြစ်တဲ့ သဘောတူညီချက်တချို့ပါ ပါဝင်ပါလိမ့်မယ်” ဆိုပြီး ထရမ့်ပ်က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ မှတ်ချက်ပေးခဲ့တာပါ။

အမေရိကန်နဲ့ ကုန်သွယ်မှုပမာဏ သိပ်အများကြီးမရှိတဲ့ နောက်ထပ် နိုင်ငံငယ် ၁၀၀ ကိုပါ အခွန်စည်းကြပ်မှုနှုန်း တိုးမြှင့်ရေးစာတွေနဲ့ အသိပေးဖို့အတွက် ထရမ့်ပ်က ပြင်ဆင်နေပါတယ်။

နောက်ဆုံးသတ်မှတ်ရက်နဲ့ ပတ်သက်ပြီး ကုန်သွယ်ရေးဝန်ကြီးဖြစ်သူ ဟောင်းဝဒ်လတ်နစ်ခ်ကတော့ “သြဂုတ်လ ၁ ရက်နေ့မှာ အကောက်ခွန်တွေ စတင်အသက်ဝင်မှာပါ။ ဒါပေမဲ့လည်း အခုချိန်ကတည်းက သမ္မတကြီးဟာ အခွန်နှုန်းထားနဲ့ စာချုပ်တွေကို ပြင်ဆင်နေပြီ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် BRICS အုပ်စုရဲ့ အမေရိကန်ဆန့်ကျင်ရေး မူဝါဒတွေကို လိုက်နာတဲ့နိုင်ငံတွေ အပေါ်မှာလည်း အခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်မယ်ဆိုပြီး ထရမ့်ပ်က ခြိမ်းခြောက်ထား ပါတယ်။

ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ BRICS ထိပ်သီးအစည်းအဝေး ကျင်းပနေချိန်မှာပဲ ထရမ့်ပ်ရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဘယ်မူဝါဒတွေ ဖြစ်တယ်ဆိုတာမျိုးတော့ အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။

ဒါဟာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးလ်နဲ့ တောင်အာဖရိကတို့ အဓိကပါဝင်တဲ့ BRICS အဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ထရမ့်ပ်ရဲ့ ကျယ်ပြန့်လှတဲ့ အခွန်မူဝါဒဟာ တရားနည်းလမ်းမကျဘဲ တဖက်သတ်ဆန်တယ်ဆိုပြီး ဝေဖန်ခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့တ်ဘက်ဆန့်တ်ကတော့ “ကုန်သွယ်ရေးသဘောတူညီချက် ရရှိခဲ့တာနဲ့ပတ်သက်ပြီး လာမယ့်ရက်အနည်းငယ်အတွင်း ကြေညာချက်အများအပြား ထွက်လာနိုင်ပါတယ်။ ဥရောပသမဂ္ဂ (EU) နဲ့ ဆွေးနွေးရာမှာလည်း တိုးတက်မှုရှိပါတယ်” လို့  အခြေအနေကို ပြောပြပါတယ်။

ထရမ့်ပ် ဒုတိယသမ္မတသက်တမ်း တာဝန်ယူပြီးချိန်ကတည်းက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲကြီးကို စတင်ခဲ့တဲ့အလျောက် သက်ဆိုင်ရာနိုင်ငံတွေရဲ့ မူဝါဒရေးဆွဲသူတွေဟာ ဝါရှင်တန်နဲ့ သဘောတူညီချက်ရဖို့အတွက် အသည်းအသန် ကြိုးပမ်းနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013