
လစ်ဘရယ် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကုန်သွားပြီလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပတဲ့ BRICS ထိပ်သီးဆွေးနွေးပွဲကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
အနာဂတ်ဟာ ထွန်းသစ်စျေးကွက်တွေ လက်ထဲမှာ ရှိပြီးတော့ အဲဒီနိုင်ငံတွေအနေနဲ့ ကုန်သွယ်ရေးအတွက် သူတို့နိုင်ငံရဲ့ ငွေကြေးတွေ သုံးစွဲမှု မြှင့်တင်သင့်တယ်လို့ ပူတင်က မှတ်ချက်ချပါတယ်။
ယူကရိန်းမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ ပူတင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားတာကြောင့် BRICS ထိပ်သီးဆွေးနွေးပွဲကို မလာရောက်ခဲ့ပါဘူး။
ဖမ်းဝရမ်းဟာ အခြေအမြစ်မရှိဘူးလို့ ရုရှားဘက်က တုံ့ပြန်ထားပါတယ်။ ရက်အတန်ကြာ ပျောက်ဆုံးနေလို့ သတင်းမျိုးစုံထွက်နေတဲ့ တရုတ်သမ္မတ ရှီချင့်ဖျင်လည်း ဒီဆွေးနွေးပွဲကို မတက်ရောက်နိုင်ခဲ့ပါဘူး။
သမ္မတရှီဟာ ပြီးခဲ့တဲ့ BRICS ထိပ်သီးဆွေးနွေးပွဲ ၁၂ ကြိမ်စလုံး ပုံမှန်တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ အခုဆွေးနွေးပွဲကိုတော့ ဝန်ကြီးချုပ် လီချန်းပဲ တက်ရောက်လာပါတယ်။
ဂါဇာနဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကို ရှုတ်ချတဲ့ ကြေညာချက်တစောင်ကို BRICS ခေါင်းဆောင်တွေက ထုတ်ပြန်ခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲဖို့ပါ တောင်းဆိုခဲ့ပါတယ်။
BRICS အဖွဲ့ကြီးဟာ စစ်အေးခေတ် ဘက်မလိုက်လှုပ်ရှားမှု နေရာကို ဆက်ခံတဲ့အဖွဲ့ ဖြစ်တယ်လို့ ဖွင့်ပွဲအခမ်းအနားမှာ ဘရာဇီးသမ္မတ လူးဝစ်အီနာစီယို လူလာဒါဆေးလ်ဗားက မှတ်ချက်ချခဲ့ပါတယ်။
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက ဆိုတဲ့ ဦးဆောင် ၅ နိုင်ငံရဲ့ နာမည်ရှေ့စာလုံးတွေ အတိုကောက်ဖြစ်တဲ့ BRICS ဟာ ထွန်းသစ်စ စီးပွားရေးအင်အားစုတွေရဲ့ စုဖွဲ့မှုအဖြစ် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နဲ့ ယူအေအီးတို့ပါ ပါဝင်လာပြီး ၁၀ နိုင်ငံပေါင်း လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပါတယ်။
ပင်မ ၅ နိုင်ငံရဲ့ ဂျီဒီပီဟာ အမေရိကန်ဒေါ်လာနဲ့ ပြန်တွက်ရင် ၂၈ ထရီလီယံအထိ ရှိပြီးတော့ စက်မှုဖွံ့ဖြိုးပြီး ၇ နိုင်ငံနဲ့ ဖွဲ့ထားတဲ့ ဂျီ-၇ အဖွဲ့ကတော့ ဒေါ်လာ ၅၁ ထရီလီယံအထိ ရှိပါတယ်။
Source: Reuters