
စစ်ကောင်စီအနေနဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုတွေကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးတဲ့ Container နဲ့ လုပ်ထားတဲ့ အိမ်တွေမှာ ပြောင်းရွှေ့နေရာချထားပေးပါတယ်။
ပို့/ဆက်ဝန်ထမ်းတွေအတွက် Container အိမ်တွေကိုတော့ နေပြည်တော်ဘူတာကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံး (ရွာတော်)၊ ရုံးအမှတ် (၂)၊ ရုံးအမှတ် (၅)၊ နေပြည်တော်ဗဟိုစာတိုက်ကြီးနဲ့ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နေရာတွေမှာ ဆောက်လုပ်ထားပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဝန်ထမ်းတွေ ယာယီနေထိုင်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးတဲ့ Container House ၈၇၁ လုံးအနက် ၈၆၆ လုံး တည်ဆောက်ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
မတ် ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြီးကြောင့် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာလည်း ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှုတွေများခဲ့တာဖြစ်ပြီး ဝန်ထမ်းအိမ်ရာတွေနဲ့ ဝန်ကြီးဌာန အဆောက်အအုံတွေ အများအပြားလည်း ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
Photo: MOI