
ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်အဖွဲ့ရဲ့ ထိန်းချုပ်နိုင်မှု ၈၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားပြီလို့ ဟားမတ်စ် အကြီးတန်းအရာရှိတယောက်က ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပြီး လက်နက်ကိုင်ဂိုဏ်းတွေက ဒီကွက်လပ်ကို အစားထိုးဝင်ရောက်လာနေတယ်လို့ ဆိုပါတယ်။
အစ္စရေးရဲ့ လပေါင်းများစွာ တိုက်ခိုက်မှုကြောင့် ဟားမတ်စ်ရဲ့ ကွပ်ကဲ၊ ထိန်းချုပ်ရေးစနစ် ပြိုလဲသွားခဲ့ပြီး အဖွဲ့ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လုံခြုံရေးခေါင်းဆောင်မှုပိုင်း ပျက်စီးသွားတယ်လို့ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိတဲ့ အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
ဒီပုဂ္ဂိုလ်ဟာ ၂၀၂၃ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ် ဦးဆောင်ပြီး အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အစ္စရေးက ဂါဇာမှာ ထိုးစစ်ဆင်တဲ့ ပထမအပတ်ကတည်းက ဒဏ်ရာရသွားလို့ တာဝန်က အနားယူနေရသူ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်က ဘီဘီစီကို အမည်မဖော်ဘဲနဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဟားမတ်စ်ရဲ့ ဂါဇာလုံခြုံရေးဌာန အန်ဆာဝင်းထဲကို ဝင်ပြီး လူတွေက ရသမျှ အကုန်ယူကြတာကိုတောင် ဟန့်တားနိုင်စွမ်း မရှိတော့ဘူးလို့ အဲဒီ ဟားမတ်စ်အရာရှိက ဆိုပါတယ်။
ဖျာတွေ၊ သွပ်တွေ မချန် ရသမျှ အကုန်ယူကြချိန်မှာ တားမယ့်ရဲရော လုံခြုံရေးရော မရှိခဲ့ဘူးလို့ ပြောပါတယ်။
လုံခြုံရေးလစ်ဟာမှု အကျိုးဆက်အဖြစ် လက်နက်ကိုင်ဂိုဏ်းတွေ နေရာအနှံ့ ပေါ်လာပြီး အဓိကအားဖြင့် ၆ ဖွဲ့ရှိနေတယ်လို့ သိရပါတယ်။
အဲဒီအထဲက အဘူရှာဘတ် ဆိုသူ ဦးဆောင်တဲ့အဖွဲ့ကတော့ အားအကောင်းဆုံးဖြစ်ပြီး အစ္စရေးထက်ဆိုးတဲ့ ရန်သူအဖြစ် ဟားမတ်စ်အဖွဲ့က သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
အဘူရှာဘတ်ဟာ တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဟားမတ်စ်ကို ဖြုတ်ချဖို့ ကြိုးပမ်းနေတယ်လို့ ဂါဇာက အခြား ဘီဘီစီ သတင်းရင်းမြစ်တွေက ဆိုပါတယ်။