
ပဲခူးမြို့မှာ အမှိုက်ပစ်ဖို့ အဆင်ပြေအောင် စည်ပင်က မစီစဉ်ပေးပေမယ့် မြို့တွင်းမှာ စည်းကမ်းမဲ့ အမှိုက်ပစ်ရင် ဒဏ်ငွေဆောင်ရမယ်လို့ စာထုတ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စည်ပင်ဝန်ထမ်းတွေက မြို့ခံတွေ၊ ကားသမားတွေနဲ့ လမ်းသွားလမ်းလာတွေကို အသိပေးစာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက လိုက်ဝေခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
အဲဒီစာထဲမှာ စည်းကမ်းမဲ့အမှိုက်ပစ်ရင် စီမံခန့်ခွဲရေးပြစ်ဒဏ်အနေနဲ့ ဒဏ်ငွေကျပ် ၁၀ သိန်းတိတိ ပေးဆောင်ရမယ့်အပြင် ခရီးသွားပြည်သူတွေ စည်းကမ်းမဲ့ အမှိုက်ပစ်တာ၊ ကွမ်းတံတွေး ထွေးတာတွေ လုပ်ရင် သက်ဆိုင်ရာယာဉ်မောင်းရဲ့ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ ယာဉ်လိုင်းနဲ့ ယာဉ်လိုင်းပါ ပိတ်သိမ်းမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပဲခူးမြို့တွင်းမှာ ခရီးသွားတွေအတွက် အမှိုက်ပစ်ဖို့နေရာ လုပ်မပေးထားတဲ့အပြင် မြို့တွင်းရပ်ကွက်တွေမှာလည်း အမှိုက်ကား ပုံမှန်မလာတဲ့ပြဿနာကိုတောင် ဖြေရှင်းမပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ပဲခူးမြို့တွင်းမှာ အမှိုက်သိမ်းတာ MJT ကုမ္ပဏီကသိမ်းတာ။ အဲဒီကုမ္ပဏီက လတိုင်းတော့အမှိုက်ခွန် ၂၀၀၀၊ ၂၅၀၀ ကောက်ပြီး တလနေလို့ ၂ ကြိမ်ပြည့်အောင် အမှိုက်လိုက်မသိမ်းဘူး။ အမှိုက်လာမသိမ်းလို့ ကုမ္ပဏီကို လှမ်းပြောရင် ကားမလောက်လို့၊ ဝန်ထမ်းအခက်အခဲရှိလို့ဆိုပြီး အကြောင်းပြတယ်။ အဲဒါကြောင့် စည်ပင်ကို လှမ်းပြောရင် စည်ပင်က ကုမ္ပဏီကိုပြော ဆိုပြီး ဘော်လီဘောပုတ်တယ်။ စည်ပင်က ဘာမှလုပ်မပေးဘူး”လို့ ပြောပါတယ်။
ပဲခူးစည်ပင်က မြို့တွင်းအမှိုက်ပြဿနာကို ထိထိရောက်မဖြေရှင်းပေးတာကြောင့် မြို့ခံတွေက အမှိုက်ပစ်ဖို့အတွက် ကားငှားပြီး မြို့ရှောင်လမ်းအနီးမှာရှိတဲ့အမှိုက်ပုံမှာ သွားပစ်ရတာတွေ ရှိတဲ့အပြင် အဲဒီအမှိုက်ပုံက အနံ့ထွက်တာကိုလည်း ဘာမှလုပ်ပေးတာမရှိဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။
“အမှိုက်ကားက မလာတော့ ကိုယ့်အစီအစဉ်နဲ့ကို အမှိုက်ပစ်ဖို့ သူတို့ကို ၄၊ ၅ သောင်း ပြန်ပေးပြီး ငှားရတယ်။ သူတို့ကို မငှားရင်လည်း ပဲခူးမြို့ရှောင်လမ်းနားက ဆင်ဖြူကွင်းသုသာန်နားက အမှိုက်ပုံကို ကိုယ့်ဟာကိုယ် သွားပစ်ရတယ်။ အဲအခါကျရင်လည်း ပေးမပစ်တာတွေ ပိုက်ဆံတောင်းတာတွေ လုပ်တာမျိုးရှိတယ်။ အဲဒါတွေလည်း ပဲခူးစည်ပင်က ဘာမှမလုပ်ပေးပါဘူး။”
စည်ပင်က ဝေတဲ့စာထဲမှာ အရေးယူတာကို ဘယ်နေ့ကစပြီးလုပ်မယ်ဆိုတာ တိတိကျကျ ဖော်ပြထားတာတော့မရှိပါဘူး။