ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲမှာ စစ်ကြောင်ထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ အမျိုသမီး ၅ ယောက်ဟာ ဖမ်းဆီးခံထားရတာ ၂ ရက်ကြာတဲ့အထိ ပြန်မလွတ်လာကြသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ခွဲမှူးဗိုလ်ဘက က “၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ဇရစ်မျှောင်ရွာထဲကို ခွေးစစ်ကြောင်းဝင်တော့ တရွာလုံးထွက်ပြေးကြတယ်။ အဲလိုထွက်ပြေးရင်းနဲ့ လိုအပ်တဲ့ အသုံးအဆောင်လေးတွေလှည့်ပြီးပြန်ယူတဲ့ အမျိုးသမီးအုပ်စုကို ခွေးတွေက လူသားဒိုင်းလုပ်ပြီးဖမ်းထားတာ ၂ ရက်ရှိနေပြီ။ ခုထိပြန်လွတ်မလာကြသေးဘူး။ စစ်ကြောင်းက ဇရစ်မျှောင်ရွာဘုန်းကြီးကျောင်းထဲမှာတပ်စွဲနေပြီး အဲဒီမှာဖမ်းထားတာလို့သိရတယ်။ ဖုန်းတွေလည်း အသိမ်းခံထားရလို့ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရဘူးတဲ့။ သူတို့ အသက်အရွယ်တွေကတော့ ၄၀ နဲ့ ၆၀ ကြားတွေပါ” လို့ DVB ကို ပြောပါတယ်။
လူသားဒိုင်းအဖြစ်ဖမ်းခံရသူတွေဟာ ဇရစ်မျှောင်ကျေးရွာက ဒေါ်သေး၊ ဒေါ်သင်းသင်းဦး၊ ဒေါ်မိချို၊ ဒေါ်ပါပါနဲ့ နောက်ထပ် အမည်မသိအမျိုးသမီးတယောက်တို့ဖြစ်ကြပြီး ဇူလိုင် ၄ ရက်နေ့ ညနေပိုင်းအထိ ပြန်မလွတ်လာကြသေးဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇရပ်မျှောင်ကျေးရွာထဲက ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူပြီး ကြက်၊ ဝက်တွေကိုလည်း ခိုးယူသတ်ဖြတ်ချက်ပြုတ်စားသောက်နေတဲ့အပြင် လူနေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဆိုပါတယ်။
မင်းလှမြို့နယ် ပကဖ တာဝန်ခံက “အဲဒီစစ်ကြောင်းနဲ့ ကျန်ခဲ့တဲ့လကုန်ပိုင်းက ရိုးမတောင်ခြေမှာတိုက်ပွဲ ၃၊ ၄ ရက်လောက် အပြင်းအထန်ဖြစ်ခဲ့ကြလို့ သူတို့ဘက်က ထိခိုက်သေဆုံး ဒဏ်ရာရတာများကြတယ်။ အထိနာကြလို့ ရွာတွေကိုမီးပတ်ရှို့ရင်း ဇရပ်မျှောင်ဘုန်းကြီးကျောင်းမှာ အထိုင်ချနေကြတယ်။ ဆက်မထွက်သေးဘူး။ ပြည်သူတွေကိုလူသားဒိုင်းလုပ်ပြီးဖမ်းထားတော့ အဖမ်းခံထားရသူတွေကိုထိမှာစိုးလို့ ကျနော်တို့ဘက်က ပစ်ခတ်တာတွေတော့ရပ်ထားတယ်။ ပြည်သူတွေကတော့ စစ်ကြောင်းရှိနေသေးလို့ ရွာထဲကိုပြန်မဝင်ရဲကြသေးလို့ ပျက်စီးတဲ့ အခြေအနေတော့ မသိရသေးဘူးဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ မင်းလှမြို့နယ် အနောက်ဘက်ခြမ်းကကျေးရွာတွေကို ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကစလို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေကြလို့ ကျေးရွာ ၁၀ ရွာထက်မနည်းက လူနေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရပါတယ်။
ထောင်ချီတဲ့ပြည်သူတွေဟာလည်း ထွက်ပြေးနေကြရတာ ၁၅ ရက်ဝန်းကျင်ရှိလာလို့ ယာယီနေထိုင်စရာ အဆောက်အဦတွေ၊ စားနပ်ရိက္ခာတွေနဲ့ ကလေးငယ်နဲ့ အသက်အရွယ်ကြီးသူတွေအတွက် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သာယာဝတီမြို့နယ် တော်လှန်ရေးနဲ့ နိုင်ငံရေးအဖွဲ့ဆီကနေ သိရပါတယ်။