ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာ၊ ရတနာမြေစာပုံအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဇူလိုင် ၄ ရက် ညကနေ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ KIA က အတည်ပြုပြောပါတယ်။
စစ်ကောင်စီတပ်က ဖားကန့်မြို့အတွင်းကို လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းကတည်းက ဖားကန့်မြို့အလယ်မှာရှိတဲ့ မှော်မောင်းလျှံအနီးထိ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် တိုက်ပွဲတွေပြင်းထန်လာတာလို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
"မနေ့ နေ့လယ်ကနေ ဒီမနက် ၄ နာရီအထိ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ နည်းနည်းပြင်းထန်တယ်ပေါ့။ ကာမိုင်းကနေ ဝင်လာတဲ့ စစ်ကြောင်းတွေကို ကျနော်တို့ (KIA/KPDF) ဘက်က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာပေါ့။ သူတို့ဘက်ကလည်း တော်တော်လေးကို ပြင်းပြင်းထန်ထန် ပြန်ပစ်တယ်။ သူတို့က စစ်ကြောင်းထပ်တက်ရင် တိုက်ပွဲကတော့ ဆက်ဖြစ်မယ့် အလားအလား ရှိပါတယ်။"
စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဖားကန့်မြို့ကို အလုံးစုံ ပြန်ထိန်းချုပ်နိုင်ဖို့နဲ့ KIA ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ချင်တာကြောင့် အခုလို ထိုးစစ်တွေ ပြင်းပြင်းထန်ထန် လုပ်လာတာလို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဖားကန့်မြို့မှာနေထိုင်တဲ့ အမျိုးသားတယောက်က တိုက်ပွဲတွေကြောင့် ဒီနေ့မနက်ပိုင်းမှာ ဖားကန့်မြို့မှာ လူအသွားအလာမရှိဘဲ တိတ်ဆိတ်နေတယ်လို့ ပြောပါတယ်။
"ကံဆီးဘက်ကနေလည်း ၁၂၀ မမတွေနဲ့ ပစ်တယ်။ ဖားကန့်ဗျူဟာကုန်းက နေလည်း လက်နက်ကြီးပစ်တော့ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ အေးမြသာယာ၊ မှော်ဆီဇာရွာ ခုနစ်ရွာလောက်က ဒေသခံတွေ စစ်ရှောင်နေရတယ်။ ဒီနေ့မနက် ဖားကန့်မှာ လူအသွားအလာကို မရှိဘူး။ တမြို့လုံး တိတ်ဆိတ်နေတာပဲ။"
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မှော်ဆီဇာ၊ အမှိုက်ပုံ၊ အေးမြသာယာနဲ့ မှော်ဝမ်းစတဲ့ နေရာလေးနေရာကနေ ဖားကန့်မြို့အတွင်းကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံအမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။