Home
မြန်မာသတင်း
ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ၁ လီတာကို ကျပ် ၉၀ မှ ၁၃၀ အထိ ပြန်ကျ
DVB
·
July 4, 2025

ကမ္ဘာ့ရေနံစိမ်းဈေးနဲ့ စင်ကာပူ MOPS ဈေး ပြန်လည်ကျဆင်းလာမှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေလည်း အခုတပတ်အတွင်း တလီတာကို ကျပ် ၉၀ ကနေ ၁၃၀ ကျပ်အထိ ပြန်လည်ကျဆင်းလာပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ တောက်လျှောက်တက်ခဲ့တဲ့ ဈေးနှုန်း‌တွေအရ ဒီဇယ်အမျိုးအစားကလွဲပြီး ကျန်တဲ့စက်သုံးဆီ အမျိုးအစားတွေက တလီတာကို ကျပ် ၃,၀၀၀ အထက်မှာပဲ  ဆက်ရှိနေပါတယ်။

ဈေးကွက်သုံးသပ်သူတဦးက “ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနဲ့ စင်ကာပူ MOPS ဈေးနိမ့်လာတာကြောင့် အခုတပတ် စက်သုံးဆီဈေး ပြန်ကျလာတယ်။  ဒေါ်လာဈေးကလည်း အရင်ကထက် နည်းနည်းပြန်ကျလာတာပါ” လို့ ပြောပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဈေးနှုန်း ထုတ်ပြန်ချက်အရ လက်ရှိမှာ ၉၂ ဓာတ်ဆီတလီတာကို ၃,၀၁၅ ကျပ်၊ ၉၅ ဓာတ်ဆီက တလီတာကို  ၃,၀၇၅ ကျပ်၊ ဒီဇယ် တလီတာ ဈေးက ၂,၆၃၅ ကျပ်နဲ့ ပရီမီယံဒီဇယ်က တလီတာကို  ၃,၂၆၅ ကျပ် ရှိပါတယ်။

တဖက်မှာလည်း စက်သုံးဆီဈေးထိန်းဖို့အတွက် အမေရိကန်ဒေါ်လာ ၃၃ သန်းထုတ်ရောင်းမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့မှာ ထပ်မံကြေညာချက် ထုတ်ခဲ့ပါတယ်။

ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ဇွန်လ အတွင်းကလည်း စက်သုံးဆီတင်သွင်းသူတွေအတွက် နိုင်ငံခြားငွေ‌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ ထုတ်ရောင်းပေးခဲ့ပါတယ်။

ဒေါ်လာဈေးနှုန်းအနေနဲ့လည်း ယခင်က တဒေါ်လာကို ကျပ် ၄၅၀၀ - ၄၆၀၀ အထိ မြင့်တက်ခဲ့ပြီးနောက် အခုဇူလိုင် ၄ ရက်နေ့မှာတော့ ၄၄၁၀ - ၄၄၉၀ ကျပ်အထိ ပြန်ကျလာခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024