
ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၃ အတွက် အသက်အကျုံးဝင်သူတွေကို မြို့နယ်တချို့မှာ စာရင်း လိုက်လံကောက်ခံနေသလို ရပ်ကွက်အလိုက် မဲနှိုက်ပြီး လူရွေးချယ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အထူးသဖြင့် မြောက်ဥက္ကလာ၊ တာမွေ၊ လှိုင်နဲ့ မရမ်းကုန်းမြို့နယ်တွေမှာ စစ်မှုထမ်းအသက် အကျုံးဝင်တဲ့ လူငယ်တွေကို စာရင်းကောက်ခံနေပြီး မြောက်ဥက္ကလာပမြို့နယ်မှာလည်း ဒီလအတွင်း ရပ်ကွက်အလိုက် မဲနှိုက်ပြီး လူရွေးချယ်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြို့အစွန်အဖျားက ရပ်ကွက်၊ လမ်းတွေမှာ ညဘက်သွားလာတဲ့ အမျိုးသားတွေကို မကြာခဏ ပေါ်တာဆွဲတာတွေ ပြုလုပ်နေသလို အထူးသဖြင့် ဘေးတွဲဆိုင်ကယ်မောင်းသူတွေ ပါသွားလေ့ရှိတယ်လို့ Rangoon Scout Network (RSN) အဖွဲ့ဆီက သိရပါတယ်။
Rangoon Scout Network (RSN) အဖွဲ့ တာဝန်ရှိသူက “ဒီလ သာကေတ၊ တာမွေ၊ သင်္ဃန်းကျွန်းနဲ့ တောင်ဒဂုံဘက်တွေမှာ ပေါ်တာလိုက်ဆွဲတာတွေ သိရတာ ပိုများပါတယ်။ လမ်းပေါ် လူပြတ်ချိန်တွေ၊ ညဘက် လမ်းဘေးထိုင်နေတဲ့သူတွေ၊ အရက်ဆိုင်က ပြန်တဲ့သူတွေကို ပစ်မှတ်ထား ဆွဲပါတယ်။ သူတို့ လူသိပ်မလိုသေးတဲ့အချိန်ဆိုရင် ဆွဲပြီးနောက် အိမ်ကို ဆက်သွယ်ခိုင်းပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းပါတယ်။ သိန်း ၃၀ ကနေ ၇၀ လောက်ထိ တောင်းတတ်တယ်။ အမှတ်စဉ်သစ် စခါနီး လူအသည်းအသန် လိုနေတဲ့ချိန်ဆိုရင်တော့ အိမ်နဲ့ အဆက်အသွယ် ပေးမလုပ်တော့ဘဲ စစ်တပ်ဆီ တန်းပို့လိုက်ပါတယ်။ ဘေးတွဲသမားတွေ၊ ဆိုက်ကားသမားတွေ အများဆုံး ခံလိုက်ရတာပါ” လို့ DVB ကို ပြောပါတယ်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်မှာ တလကို ငွေကျပ် တသိန်းနှုန်း စစ်မှုထမ်းကြေး ပေးဆောင်နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒါ့အပြင် လှိုင်မြို့နယ်မှာလည်း ပျူစောထီးတွေက အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး စစ်မှုထမ်းကြေး လစဉ် ကောက်ခံတာတွေ၊ ပေါ်တာဆွဲတာတွေကို လုပ်ဆောင်နေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်မြို့ခံတယောက်က “ရန်ကုန်မှာတော့ အခုချိန်ထိ ပေါ်တာဆွဲတာတွေ ရှိနေဆဲပါဗျ။ အဆိုးဆုံးကတော့ လူမိုက်လိုလို ဇိုးလိုလိုကောင်တွေ ရှိတဲ့ မြို့နယ်တွေပေါ့။ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ သန်လျင်၊ သာကေတ၊ လှိုင်သာယာ အဲ့မြို့နယ်တွေကတော့ တခြားမြို့နယ်တွေထက် ပိုဆိုးတာကို တွေ့ရတယ်။ အဲ့ရပ်ကွက်တွေက ရခတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လူမိုက်တွေကို ပျူစောထီးလိုလို တပည့်လိုလိုတွေ လုပ်ပြီး တဖက်လှည့်နဲ့ လူဖမ်းပြီး ငွေညှစ်ရောင်းစားတာမျိုးတွေ လုပ်နေတာကြတာ။ ပြီးတော့ ညအချိန် စစ်(--)ကောင်တွေ ကင်းစောင့်တဲ့နေရာတွေနား လမ်းလျှောက်လာတဲ့သူတွေဆို ခေါ်ပြီး ရိုက်တာမျိုးတွေ ရှိပါတယ်။ တချို့ကို ရိုက်နှက်ပြီး ပြန်လွှတ်လိုက်ပေမဲ့ တချို့ကိုတော့ သူတို့ ကင်းစောင့်ချိန် အနားယူတဲ့ နေရာတွေကို ခေါ်သွားခိုင်းတာမျိုးတွေ ရှိပါတယ်” လို့ DVB ကို ပြောပါတယ်။
မတ်လအတွင်း လူငယ်တွေ မကြာခဏ ပျောက်ဆုံးတာနဲ့ ပေါ်တာဆွဲခံရတာ ဆက်စပ်နေပြီး လူငယ်တွေ ပျောက်သွားပြီးနောက် အိမ်ကို ပြန်ဆက်သွယ်လာရင် စစ်သင်တန်းကျောင်း ရောက်သွားတယ်လို့ အသိပေးလာကြသလို သတင်းအစအန မရဘဲ ပျောက်သွားတာက ပိုများတယ်လို့ Rangoon Scout Network (RSN) အဖွဲ့က ပြောပါတယ်။
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဖလုံကျေးရွာမှာလည်း စစ်မှုထမ်းကြေးအနေနဲ့ တအိမ်ကို ကျပ် ၂၅,၀၀၀ လစဉ်ကောက်ခံပြီး စစ်မှုထမ်းကြေး မပေးဆောင်ရင် အိမ်မှာရှိတဲ့ ယောကျ်ားသား အကုန်ပေါ်တာဆွဲတာတွေ ကြုံနေရတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဇွဲသစ်










