
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ၄ မိုင်အကွာမှာရှိတဲ့ မျက်ချင်းနုရွာနဲ့ နောင်ဩရွာအနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင် ၄ ရက် ဒီနေ့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က နောင်ချိုမြို့ကို ပြန်ရဖို့အတွက် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ နေ့စဉ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၄ ရက် ဒီနေ့မနက် အစောပိုင်းကတည်းက နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ နောင်ချိုဒေသခံတယောက်က ပြောပါတယ်။
“ဒီနေ့မနက် ၄ နာရီကတည်းက လက်နက်ကြီးအသံတွေ ဆက်တိုက်ကြားနေရတယ်။ တိုက်ပွဲကတော့ ထင်ထားတာထက် တော်တော်လေး ပြင်းထန်သလို နောင်ချိုနားကိုလည်း ကပ်လာတယ်ပေါ့ဗျာ။ ကျနော်တို့လည်း အခြေအနေ စောင့်ကြည့်နေတာ။ အခုချိန်က ထွက်လို့လည်းမရ၊ ဝင်လို့လည်းမရတော့ မြို့ထဲမှာပဲ ပိတ်မိနေကြတယ်။”
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တိုက်ပွဲဆက်ပြင်းထန်လာတာနဲ့အမျှ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ စတဲ့မြို့တွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၅ ယောက်သေဆုံးကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ TNLA ပြောခွင့်ရသူ လွေးယေဦးကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ မဖြေဆိုပါဘူး။
နောက်ထပ် နောင်ချိုဒေသခံတယောက်ကတော့ တိုက်ပွဲတွေဟာ မြို့အနားထိ ကပ်လာတာကြောင့် အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ပြောပါတယ်။
“အခုဖြစ်နေတဲ့ ကျောက်တော်ကို ကျော်ရင် နမ့်ဆောင်ဟူးပဲ ကျန်တော့တယ်။ အဲဒါပြီးရင် နောင်ချိုကို ရောက်ပြီဆိုတော့ ပြောရရင် တော်တော်ကိုမှ စိုးရိမ်ရတဲ့ အခြေအနေပါ။ အရမ်းကို နီးကပ်လာတော့ နောင်ချိုက ဒီရက်ပိုင်းအတွင်း ပြန်ပါသွားနိုင်မလားဆိုတဲ့ စိုးရိမ်နေကြတယ်။”
ဒါ့အပြင် နောင်ချိုမြို့နယ်အတွင်းက နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံ၊ လုံရဲ၊ နောင်ဩ၊ မျက်ချင်းနု၊ အုမ္မသီးနဲ့ ဆမ္မဆယ် စတဲ့ကျေးရွာတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ ၁၁၄၊ ခမရ ၁၁၅ နဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်းတို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။