
ယူကရိန်းနိုင်ငံအလယ်ပိုင်း ပိုလ်တာဗာမြို့မှာ ရုရှားတိုက်ခိုက်မှုကြောင့် လူ ၂ ယောက် သေဆုံးပြီး စစ်သားစုဆောင်းရေးစင်တာတခု ပျက်စီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဇူလိုင် ၃ ရက်မှာ ပြောပါတယ်။
အနည်းဆုံး လူ ၄၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး စစ်သားစုဆောင်းရေး အဆောက်အအုံနဲ့ အနီးနားရှိ လူနေအိမ် အဆောက်အအုံတို့မှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စစ်တပ်က သတင်းပေးပို့ခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး ဗိုလိုဒီမီယာ ကို့ထ်က ပြောပါတယ်။
ပိုလ်တာဗာမြို့တော်ကောင်စီ အတွင်းရေးမှူး ကက်ထရီနာ ယမ်ရှ်ချီကိုဗာက “လေကြောင်းသတိပေးချက်အတွင်းမှာ ရှာဟဒ်ဒရုန်းတွေ မြည်သံကို အကျယ်ကြီး ကြားလိုက်ရပြီးတော့ နာမည်ကြီး လူနေရပ်ကွက်နဲ့ စီးပွားရေးလုပ်ငန်းနယ်မြေကို တခုပြီးတခု ထိမှန်ခဲ့တယ်။ ပုဂ္ဂလိက နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အထပ်မြင့်အဆောက်အအုံတွေနဲ့ စာသင်ကျောင်းတကျောင်းလည်း တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ပါတယ်” လို့ ပြောပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့လက ယူကရိန်းအပေါ် ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ သူ့ရဲ့ အလုံးစုံကျူးကျော်စစ် နောက်ပိုင်း အကြီးမားဆုံး တိုက်ခိုက်မှုတချို့ကို လုပ်ဆောင်လာခဲ့ပါတယ်။
သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး အပါအဝင် ယူကရိန်းတာဝန်ရှိသူတွေက ဒီလိုတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့အတွက် မဟာမိတ်တွေဆီက လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ အကူအညီတွေကို အရေးတကြီး လိုအပ်နေကြောင်း အလေးပေး ပြောဆိုခဲ့ကြပါတယ်။
Source: Reuters