DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် စစ်တပ် မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ နီးပါးပျက်စီးပြီး ပြည်သူ ရာချီ အိုးအိမ်မဲ့ဖြစ်
DVB
·
July 3, 2025
မင်းလှတွင် စစ်တပ် မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ နီးပါးပျက်စီးပြီး ပြည်သူ ရာချီ အိုးအိမ်မဲ့ဖြစ်
1 / 8
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲက ပဲခူးရိုးမအနောက်ဘက်ခြမ်းမှာ ရှိနေတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇွန် ၂၀ ရက်ကစပြီး ၅ ရက်တာ စစ်ကြောင်းထိုးကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၂၀၀ နီးပါး ပျက်စီးကာ ရာချီတဲ့ ပြည်သူတွေလည်း အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကြရပါတယ်။

ဇူလိုင် ၁ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း မှားယွင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် စစ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သာယာဝတီမြို့နယ် တော်လှန်ရေးနဲ့ နိုင်ငံရေးအဖွဲ့ ဒုတာဝန်ခံ ကိုလူအေးက “ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်မှာ ပဲခူးရိုးမတောင်ခြေ အနောက်ဘက်ခြမ်းက ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးတာ ၅ ရက်လောက် ကြာခဲ့တယ်။ သူတို့ စစ်ကြောင်းထိုးခဲ့တဲ့ ရွာတွေအားလုံးနီးပါး မီးရှို့ခံရတာ များတယ်။ ရိုးမအခြေက ရွာပေါင်း ၁၀ ရွာကျော်လောက်မှာ မီးလောင်ပျက်စီးတဲ့ အိမ်ခြေက ၂၀၀ ဝန်းကျင်ရှိတယ်။ အဲဒီထဲက မီးလောင်ပျက်စီးတဲ့အိမ်တွေက လူဦးရေ ၅၀၀ ကျော် ၆၀၀ လောက်ကတော့ အိုးမဲ့အိမ်မဲ့ဘဝကို နေ့ချင်းညချင်း ရောက်သွားရတာပေါ့ဗျာ။ တချို့တွေကတော့ နီးစပ်တဲ့ ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးသားချင်းအိမ်တွေမှာ နေထိုင်နေကြရတာပေါ့။ ပြန်စရာအိမ်မှ မရှိကြတော့တာကိုဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျွဲမကိုင်းကျေးရွာက လူနေအိမ် အလုံး ၅၀ နီးပါး၊ ငလှစမ်းကျေးရွာက လူနေအိမ် အလုံး ၅၀ နီးပါး၊ တောင်ပြတ်ကျေးရွာက လူနေအိမ် ၂၅ လုံးနီးပါး၊ ဗိုလ်တထောင်ကျေးရွာက လူနေအိမ် အလုံး ၂၀ နီးပါး၊ ခွက်မကျေးရွာက လူနေအိမ် ၁၅ လုံးနီးပါး၊ ဆားချောင်းကျေးရွာက လူနေအိမ် ၈ လုံး၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာက လူနေအိမ် ၈ လုံး၊ ဂန့်ဂေါ်ပင်ကျေးရွာက လူနေအိမ် ၅ လုံး၊ စမ်းဘုတ်ကျေးရွာက လူနေအိမ် ၅ လုံး၊ ရွေးကုန်းကျေးရွာက လူနေအိမ် ၅ လုံးနဲ့ ဦးတိုကျွဲလမ်းစုကျေးရွာက လူနေအိမ် ၄ လုံးတို့ကို ဇွန် ၂၀ ရက်ကနေ ၂၅ ရက်အထိ စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဇူလိုင် ၂ ရက် မနက် ၁၁ နာရီဝန်းကျင်ကလည်း ဇရစ်မျှောင်ကျေးရွာနဲ့ ရွှေပေါက်ပင်ကျေးရွာတွေကို ထပ်မံမီးရှို့ခဲ့ကြကာ မီးလောင်ပျက်စီးတဲ့ အခြေအနေတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ပဲခူးခရိုင် ပကဖ တာဝန်ခံတယောက်က “သူတို့တွေက တိုက်ပွဲတွေမှာ မနိုင်တိုင်း ရှုံးမဲ မဲပြီး လက်နက်မရှိတဲ့ ပြည်သူတွေ ပိုင်​ဆိုင်တဲ့ ပစ္စည်းတွေကို အကြောင်းမဲ့ ဖျက်ဆီးနေတာ ဖြစ်တယ်။ အဲဒီလုပ်ရပ်တွေကြောင့်လည်း စစ်တပ်ကို ပြည်သူက အမုန်းကြီးမုန်းနေကြတာ။ ဖြစ်ပုံက သူတို့စစ်ကြောင်းကို ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တိုက်ခဲ့လို့ သူတို့ဘက်က အသေအပျောက်များပြီး အထိနာခဲ့ကြသေးတယ်။ အဲဒါကြောင့် ရွာတွေကို မီးရှို့ဖျက်ဆီးသွားကြတာ။ သူတို့ဘက်က လက်နက်ကြီး ပစ်ကူကြောင့်လည်း အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးရတာတွေ ရှိတယ်လို့တော့ သိရတယ်။ တိတိကျကျတော့ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

အဆိုပါ စစ်​ကောင်စီစစ်ကြောင်းကို ဇွန် ၁၆ ရက်ကစလို့ ကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီး ၁၈ ရက်အထိ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြကာ စစ်ကောင်စီတပ်ဘက်က ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနဲ့ ဒုရဲမှူးကြီးစိုးခိုင် အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်တပ်လက်အောက်ခံ အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ဇူလိုင် ၁ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း မင်းလှမြို့နယ်ထဲက ဘန့်ဘွေးကုန်းကျေးရွာမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီး မှားယွင်းပစ်ခတ်ခဲ့တာကြောင့် ကျွဲမကိုင်းကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ကြသေးတယ်လို့လည်း ဆိုပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ခွဲမှူး ဗိုလ်ဘက က “ဘန့်ဘွေးကုန်းရွာကနေ လက်နက်ကြီး ပစ်ကူပေးနေတဲ့ အဖွဲ့ကနေ မူးရူးပြီး မှားပစ်လိုက်တဲ့ လက်နက်ကြီးက ကျွဲမကိုင်းရွာက အိမ်တွေကို မီးရှို့ပြီး ကျန်နေတဲ့အိမ်တွေထဲက ပြည်သူပိုင်ပစ္စည်းတွေ ခိုးနေတဲ့ကောင်တွေပေါ်ကို ကျပြီးတော့ ၇ ကောင် သေတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း များတယ်လို့ သိရတယ်။ သူတို့ဇာတ် သူတို့သိမ်းကြတာ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်အောက်ခံ အရာရှိတွေ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု များပြားခဲ့တာကြောင့် မင်းလှမြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ စစ်ဆင်ရေးကို DSA အပတ်စဥ် ၃၉ ကျောင်းဆင်း တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်း ကိုယ်တိုင် ဦးစီးလုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ​ပဲခူးတိုင်း အနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013