
ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ်ရဲ့ မြို့တော် ကက်တာကနေ ကီလိုမီတာ ၅၀ လောက်အကွာက မတ်စ်တွန်မြို့မှာရှိတဲ့ အစိုးရရုံးတွေနဲ့ ဘဏ်တွေကို ဇူလိုင် ၁ ရက်က အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဝင်တိုက်ခဲ့လို့ အသက် ၁၆ နှစ်အရွယ် ကလေးတယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်သူတွေက တရားဝင်မှတ်တမ်းတွေကို လုယူမီးရှို့ခဲ့တယ်လို့ အမည်မဖော်တဲ့ အကြီးတန်းရဲအရာရှိတယောက်က ပြောပါတယ်။
ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ရဲနဲ့ နယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားတွေနဲ့ အပြင်းအထန် ပစ်ခတ်ခဲ့ပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်သွေးကြွ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဘာလိုချီစတန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှာဟစ်ဒ် ရွန်က အတည်ပြု ပြောခဲ့ပါတယ်။
စစ်သွေးကြွတွေကို နှိမ်နင်းဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးကို ဆက်လုပ်နေတယ်လို့ မက်စ်တွန်မြို့ လက်ထောက်ကော်မရှင်နာ အာသာ အာဘတ်စ်ရာဂျာက ပြောပေမဲ့ ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ထုတ်မပြောသေးပါဘူး။
ပြည်ထဲရေးဝန်ကြီး မိုဆင်း နာကွီက တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဖစ်တနာဟိင်း အကြမ်းဖက်သမားတွေက လာဗိ(စ်)လိုင်းနဲ့ တခြား အစိုးရပိုင်ပစ္စည်းတွေကို ပစ်မှတ်ထားတယ်လို့ စွပ်စွဲခဲ့ပါတယ်။
သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ ဘာလိုချီစတန်ပြည်နယ်ဟာ မကြာသေးမီ နှစ်တွေအတွင်း ခွဲထွက်ရေးအုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရပါတယ်။
မတ်လမှာ ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော်က ရထားသံလမ်းပေါ်မှာ လူအသေအပျောက် များတဲ့အထိ တိုက်ခိုက်ခဲ့ပြီး ရထားစီးခရီးသည်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့လို့ အရပ်သားတွေ၊ စစ်သားတွေနဲ့ ဝန်ထမ်းတွေ ၃၁ ယောက် သေဆုံးခဲ့ပါတယ်။
Source: Reuters