DVB Logo
Home
နိုင်ငံတကာ
ဒလိုင်းလားမား နေရာ ဆက်ခံရန် မူဘောင်ရှိလာလိမ့်မည်
DVB
·
July 1, 2025
ဒလိုင်းလားမား နေရာ ဆက်ခံရန် မူဘောင်ရှိလာလိမ့်မည်
Donate to DVB

တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားဟာ သူ့နေရာကို ဆက်ခံရေး ဆွေးနွေးဖို့ မူဘောင်တရပ် ရှိလာမယ်လို့ အခုသီတင်းပတ်မှာ ကျရောက်မယ့် မွေးနေ့မတိုင်မီ ဇွန် ၃၀ ရက်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။

ဒလိုင်းလားမားဟာ ဟိမဝန္တာမြောက်ပိုင်း ဒါရမ်ဆာလာမြို့နားက အိန္ဒိယနိုင်ငံထဲမှာ လူပြန်ဝင်စားနိုင်တယ်လို့ အရင်က ပြောဖူးပါတယ်။ သူဟာ ၂ နှစ်သားအရွယ်မှာ သူ့နောင်တော်ရဲ့ လူဝင်စားအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။

အိန္ဒိယနိုင်ငံမြောက်ပိုင်းက တောင်ထူတဲ့ ဒါရမ်ဆာလာမြို့မှာ ပြည်ပြေး တိဘက်တွေဟာ ဒလိုင်းလားမားရဲ့ အသက် ၉၀ ပြည့် မွေးနေ့ကို ပြင်ဆင်နေရပေမဲ့ ဝမ်းသာတာကိုရော သောကရောက်တာတွေကိုပါ ခံစားနေရပါတယ်။

တိဘက် ဘာသာရေးခေါင်းဆောင် ၁၄ ယောက်မြောက် ဒလိုင်းလားမားဟာ ဇူလိုင် ၆ ရက်မှာ အသက် ၉၀ ပြည့်မှာပါ။ ကမ္ဘာတလွှားက သူ့နောက်လိုက်တွေဟာ ဒါရမ်ဆာလာမှာ စတင် စုရုံးနေကြပါတယ်။

တိဘက်ကို တရုတ်က အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေ မအောင်မမြင်ဖြစ်ခဲ့အပြီး ၁၉၅၉ ခုနှစ်က စလို့ ဒလိုင်းလားမားဟာ ဒါရမ်ဆာလာမှာ နေထိုင်ခဲ့တာပါ။

ဒေသခံ ကျောင်းသားတယောက်က “စိတ်ပူဝမ်းနည်းရတာက သူဟာ အသက်ကြီးလာပြီး အသက် ၁၁၃ နှစ်အထိ နေမယ်လို့ ကတိပေးထားလို့ အချိန်က နီးလာပြီမို့ပါ။ ဒါကြောင့် ကျနော်တို့ တအားစိတ်ပူပါတယ်” လို့ ပြောပါတယ်။

၁၉၈၉ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရခဲ့တဲ့ ဒလိုင်းလားမားက သူ့ရဲ့ အသက် ၉၀ ပြည့် မွေးနေ့လောက်မှာ သူ့ကို ဆက်ခံမယ့်သူနဲ့ လူပြန်ဝင်စားမယ့် လုပ်ငန်းစဉ်တို့နဲ့ ပတ်သက်ပြီး ပိုဖွင့်ထုတ်ဖော်ပြမယ်လို့ ၂၀၁၁ ခုနှစ် မွေးနေ့မှာ ကြေညာခဲ့လို့ သူ့နောက်လိုက်တွေကြားမှာ ပိုပြီး စိတ်လှုပ်ရှားနေကြတာပါ။

မတ်လမှာ ထုတ်ဝေခဲ့တဲ့ ‘အသံမဲ့သူတွေအတွက် အသံ’လို့ နာမည်ပေးထားတဲ့ ဒလိုင်းလားမားရဲ့ စာအုပ်ထဲမှာ သူ့ကိုဆက်ခံမယ့်သူဟာ တရုတ်နိုင်ငံပြင်ပမှာ မွေးဖွားလာလိမ့်မယ်လို့ ဒလိုင်းလားမားက ပြောထားပါတယ်။

အလုပ်တွေဆက်လုပ်ဖို့ တိဘက် ပြည်ပြေးအစိုးရအတွက် စနစ်တရပ်ကို တည်‌ထောင်ထားပြီး ဂါဒန် ဖိုဒရန် ဖောင်ဒေးရှင်းက အရာရှိတွေက ဒလိုင်းလားမားကို ဆက်ခံမယ့်သူကို ရှာဖွေ အသိအမှတ်ပြုရေးအတွက် တာဝန်ယူမယ်လို့ ဒါရမ်ဆာလာမှာ အခြေစိုက်တဲ့ တိဘက်ပြည်ပြေးလွှတ်တော်က ပြောပါတယ်။

တရုတ်ပြည်မကြီးအစိုးရကတော့ ဒလိုင်းလားမားကို လမ်းကြောင်းမှန်ပေါ် ပြန်လာဖို့ မျှော်လင့်တယ်လို့ ဖေဖော်ဝါရီလမှာ ပြောခဲ့ပါတယ်။

တကယ်လို့ တိဘက်နဲ့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရားဝင်အစိုးရလက်အောက်ခံအဖြစ် အသိအမှတ်ပြုတာလိုမျိုး သတ်မှတ်ချက်တွေကို ဒလိုင်းလားမားက လက်ခံခဲ့ရင် သူ့အနာဂတ်အတွက် ဆွေးနွေးဖို့ လမ်းဖွင့်ပေးမယ်လို့လည်း တရုတ်ပြည်မကြီး အစိုးရက ပြောခဲ့ပါတယ်။ အဆိုပြုချက်ကို တိဘက် ပြည်ပြေးလွှတ်တော်က ပယ်ချခဲ့ပါတယ်။

ဒလိုင်းလားမား အသက်အရွယ် ရလာတဲ့အချိန်မှာ တိဘက်လှုပ်ရှားမှုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ့နောက်လိုက်တွေက စိုးရိမ်နေကြတာပါ။

ဒလိုင်းလားမားဟာ ဒီသီတင်းပတ်ထဲမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ တိဘက် ဘာသာရေး ခေါင်းဆောင်တွေ ၃ ရက်တာ စုရုံးပွဲမှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။

တရုတ်ပြည်မကြီးအစိုးရကို ဒေါသထွက်စေမယ့် လုပ်ရပ်အနေနဲ့ ဒလိုင်းလားမားကို ဆက်ခံမယ့်သူနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မျှဝေဖို့ သူ့နောက်လိုက်တွေက စောင့်ဆိုင်းနေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013