
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ ဖိအားပေးနေချိန်မှာ အစ္စရေးက စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်ဖို့ဆိုပြီးတော့ ဂါဇာမြောက်ပိုင်း နေရာအများအပြားက ပါလက်စတိုင်းဒေသခံတွေ ဖယ်ရှားဖို့ အမိန့်ထုတ်လိုက်ပါတယ်။
အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်ပြီးတော့ အနောက်ဘက်ကို တိုးချဲ့လာချိန်မှာ ဂါဇာစီးတီးနဲ့ ဂျာဘာလီယာမြို့မှာရှိတဲ့ ရပ်ကွက်တွေက ဒေသခံတွေ တောင်ဘက် အယ်လ်မာဝါဆီ ကမ်းရိုးတန်းဒေသကို ရွှေ့ကြဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့လယ်မတိုင်မီအထိ အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၈၆ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဟားမတ်စ် ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
သေဆုံးတဲ့အထဲမှာ ဘေးကင်းဇုန်လို့ ပြောနေတဲ့ အယ်လ်မာဝါဆီမှာ တိုက်ခိုက်ခံရလို့ သေဆုံးတဲ့ ကလေး ၃ ယောက်လည်း ပါဝင်တယ်လို့ အဲဒီကလေးတွေရဲ့ မိဘတွေက ပြောပါတယ်။
ထရမ့်ပ်ကတော့ ဂါဇာမှာ သဘောတူညီချက်ယူပြီးတော့ ဓားစာခံတွေ ပြန်ခေါ်ဖို့ ထပ်ပြောထားပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ ဟားမတ်စ်တွေနဲ့ သဘောတူညီမှုယူဖို့ စတင်ညှိနှိုင်းနေပြီလို့ ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social မှာ ရေးထားပါတယ်။
ဒါပေမဲ့ အစ္စရေးစစ်တပ် (IDF) ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက် အခြေခံအဆောက်အအုံတွေကို အမြစ်ဖြုတ်ဖို့ ဂါဇာမြောက်ပိုင်းမှာ စစ်ဆင်ရေးလုပ်နေတယ်လို့ အတည်ပြုပါတယ်။
Source: Reuters