
ဆော်ဒီလိဂ်က ကမ္ဘာ့ထိပ်တန်းလိဂ် ၅ ခုစာရင်းမှာ ပါဝင်ကြောင်း တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောသွားပါတယ်။
အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးအပြီးမှာ ဆော်ဒီလိဂ်ရဲ့ အဆင့်အတန်းအပေါ် ရော်နယ်ဒိုက မှတ်ချက်ပေးသွားတာပါ။
ဆော်ဒီပရိုလိဂ်က တိုးတက်နေဆဲလိဂ်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း လိဂ် ၅ ခု စာရင်းဝင်ပြီးသား လိဂ်ဖြစ်ကြောင်း၊ ရှေ့ဆက်ပြီးတိုးတက်မှုတွေ ရှိလာဦးမှာဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်လည်းဖြစ်ကြောင်း ရော်နယ်ဒိုက ပြောပါတယ်။
ဆော်ဒီလိဂ်က ကမ္ဘာ့ထိပ်တန်း ၅ လိဂ်စာရင်းဝင်တယ်ဆိုတာ လိဂ်မှာ ကစားနေတဲ့ ကစားသမားတိုင်းက ၁၀၀ ရာခိုင်နှုန်းယုံကြည်ကြောင်း၊ ဘောလုံးအကြောင်း ဘာမှမသိတဲ့ လူတွေကပဲ ဆော်ဒီလိဂ်က ထိပ်တန်း ၅ လိဂ်စာရင်းမှာ ပါဝင်တယ်ဆိုတာကို လက်ခံမှာ မဟုတ်ကြောင်း စီရော်နယ်ဒိုက ပြောသွားပါတယ်။
ဆော်ဒီလိဂ်မှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာက ဒေသခံတွေဘက်က အလွန်နွေးထွေးမှုရှိတဲ့ အချက်အပါဝင်သလို မိသားစုဝင်တွေရဲ့ အားပေးထောက်ခံမှုကလည်း အဓိကအချက် တချက်ဖြစ်ကြောင်း ရော်နယ်ဒိုက ပြောသွားပါတယ်။