
လာမယ့်ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လူစားလဲခံရတဲ့ ကစားသမားတွေကို အင်တာဗျူးပြီး တိုက်ရိုက် ထုတ်လွှင့်ပြသခွင့်ပြုသွားမယ်လို့ သိရပါတယ်။
စံချိန်တင်ပေါင် ၆ ဒသမ ၆ဘီလီယံနဲ့ ရုပ်သံထုတ်လွှင့်ခွင့် စာချုပ်ရရှိခဲ့ပြီးနောက် ပရိသတ်စိတ်ဝင်စားနိုင်မယ့် အစီအစဉ်တခုကို ပရီးမီးယားလိဂ်က လက်ခံသဘောတူခဲ့တာပါ။
ဒါပေမဲ့ လူစားလဲခံရတဲ့ကစားသမားအားလုံးကို အင်တာဗျူးမှာလား၊ ဘယ်နှပွဲမှာ အဲဒီအစီအစဉ် လုပ်ဆောင်မလဲ ဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
လူစားလဲခံရတဲ့ကစားသမားတွေကို အင်တာဗျူးပြီး အဝတ်လဲခန်းထဲသွားရာလမ်းတလျှောက် ရုပ်သံကနေ ပြသသွားမှာပါ။
ဒါပေမဲ့ အသင်းအဝတ်ခန်းထဲက နည်းပြနဲ့ကစားသမားတွေရဲ့ စကားပြောဆို၊ ဆွေးနွေးမှုတွေကိုတော့ ရိုက်ကူးခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဂိုးသွင်းပြီးအောင်ပွဲခံတဲ့ကစားသမားတွေကို ရုပ်သံရိုက်ကူးသူက ကွင်းထဲအထိ ဝင်ရောက်ပြီး အနီးကပ် ရိုက်ကူးခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။