
ပဲခူးတိုင်း၊ ဝေါမြို့နယ်က ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ အမျိုးသမီး ၂ ယောက်ကို လက်နက် ၁၉ လက်နဲ့အတူ ဖမ်းမိပြီးနောက် စစ်ကောင်စီတပ်က အစစ်အဆေးတင်းကျပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်ခါးရှည်က X Ray ဂိတ်မှာ ဇွန် ၂၇ ရက် ညနေပိုင်းက ဘုရားသုံးဆူကနေ ရန်ကုန်ကိုလာတဲ့ ကားတစီးပေါ်ကနေ ပစ္စတို ၁၉ လက်နဲ့အတူ အမျိုးသမီး ၂ ယောက်ကို ဖမ်းမိတာလို့ သိရပါတယ်။
ဒေသခံတယောက်က “ဘုရားသုံးဆူဘက်က သယ်လာတာလို့ သိရတယ်၊ အဲဒီလက်နက်တွေကို။ ဒီနေ့က သူတို့ရဲ့ ဆက်နွှယ်ပြီး သတင်းရတယ်နဲ့တူတယ်။ အခုယာဉ်တန်းတွေကို တဦးချင်းမှတ်ပုံတင်ကို အဓိကထားစစ်တယ်။ ပါလာတဲ့အထုပ်တွေကို အဓိကထားစစ်တယ်။ အခု ယာဉ်ပိတ်ဆို့လို့ ကားတန်းကြီးက ရှည်နေပြီ” လို့ DVB ကိုပြောပါတယ်။
မော်လမြိုင်ဘက်ကနေ ရန်ကုန်ကို ယာဉ်မောင်း ဇော်မင်းအောင် မောင်းနှင်လာတဲ့ အငှားယာဉ်ကိုစစ်ဆေးတာမှာ ကားပေါ်ပါခရီးသည် အမျိုးသမီး ၂ ယောက် သယ်လာတဲ့ ပစ္စတိုသေနတ် ၁၉ လက်၊ ကျည်အိမ် ၃၈ ခုနဲ့ ကျည်တွေကိုဖမ်းဆီးရမိတာလို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေမျာ ဖော်ပြပါတယ်။
DVB ရဲ့ တပ်တွင်းသတင်းအရင်းအမြစ်က “အမျိုးသမီး ၂ ယောက်က တော်လှန်ရေးတပ်ကမဟုတ်ဘူး။ ပိုက်ဆံရလို့ သယ်ပေးတာ။ ငွေရလို့ သယ်ပေးတာ” လို့ ပြောပါတယ်။
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမှာရှိတဲ့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက မကြာခဏဆိုသလို တိုက်ခိုက်နေတာဖြစ်ပြီး မတ် ၄ ရက်က ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။