
ပဲခူးတိုင်း၊ ဝေါမြို့နယ်ထဲမှာရှိတဲ့ ညောင်ခါးရှည် X-ray ဂိတ်မှာ ယာဉ်ကြောပိတ်ဆို့မှု များလာတဲ့အတွက် မော်လမြိုင်-ရန်ကုန် ခရီးစဉ်မှာ မီးရထားအသုံးပြုသူ ပိုများလာတယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။
အရင်က မီးရထားတတွဲကို ဘူတာတခုအတွက် ၁၀ ခုံစီ ခွဲတမ်းနဲ့ရောင်းချရခဲ့ရကာ အဲဒီတုန်းက လက်မှတ်ခွဲတမ်းတွေ မကုန်ခဲ့ပေမဲ့ အခုတော့ လက်မှတ်တွေ အကုန်ကုန်အောင် ရောင်းချနေရတယ်လို့ မီးရထားဝန်ထမ်းတဦးက ပြောပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ခရီးသွားတွေအနေနဲ့ ၂၄ နာရီအထိ စောင့်ရတာရှိသလို ယာဉ်တန်းက ၅ တန်းလောက် ပိတ်နေတဲ့အတွက် လူနာတင်ယာဉ်တွေပါ စောင့်ဆိုင်းရတာကြောင့် အသက်သေဆုံးသူတွေပါ ရှိတယ်လို့ ခရီးသွားလာသူတဦးက ပြောပါတယ်။
ကားလမ်းပိတ်တော့ မော်လမြိုင်-ရန်ကုန်၊ ကျိုက်ထို-ရန်ကုန် ခရီးသွားတွေက မီးရထားကို အရင်ကထက် ပိုအသုံးပြုလာကြပြီး ခရီးသည်များတော့ ရထားလက်မှတ်တွေကို ရောင်းကုန်သွားလို့ မှောင်ခိုရောင်းတဲ့ ပွဲစားတွေဆီကပါ ဝယ်ခဲ့ရတယ်လို့ ရထားစီး ပြည်သူတယောက်က ပြောပါတယ်။
ရထားစီး ခရီးသည်တဦးက “ရထားနဲ့သွားတော့ လမ်းမှာလည်း အကြာကြီးမစောင့်ရဘူး။ ညောင်ခါးရှည်ဂိတ်မှာ လမ်းပိတ်တာတော့ ရာသီဥတုဒဏ်နဲ့ တခြားအခက်အခဲတွေလည်းရှိတယ်”လို့ ပြောပါတယ်။
ညောင်ခါးရှည် X-ray ဂိတ်ဟာ မော်လမြိုင်-ရန်ကုန် ခရီးသွားတွေနဲ့ ထိုင်းနိုင်ငံဘက်က ဝင်လာတဲ့ ကုန်စည်တွေ စီးဆင်းဖို့ အဓိက အသုံးပြုနေရတဲ့လမ်း ဖြစ်ပါတယ်။