DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကန်ဒေါ်လာသန်း ၃၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး 
DVB
·
June 27, 2025
မြန်မာတွင် ကန်ဒေါ်လာသန်း ၃၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး 
Donate to DVB

မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ တန်ဖိုး မြန်မာငွေကျပ် ၁၀၇၂ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ သန်း ၃၀၀ ) နီးပါး လောက်ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဌာနက  မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

ဇွန် ၂၆ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့မှာ  တနှစ်တာကာလအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဓာတုပစ္စည်းတွေကို   တောင်ကြီး၊ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း တမူး၊ ကသာနဲ့ ရွှေဘိုမြို့တွေမှာ အခမ်းအနားနဲ့ မီးရှို့ ဖျက်ဆီးခဲ့တာပါ။

မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်း ၁၃၃၄ ကီလိုကျော်၊ ဘိန်းဖြူ ၁၇၄၄ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၁ သန်းကျော်၊ အိုက်စ် ၁၆၂၁၀ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၂၁၅ ကီလိုကျော်၊ ဘိန်းစာ မှုန့် ၁၁၄ ကီလိုကျော်၊ ဆေးခြောက် ၅၉၇ ကီလိုကျော်နဲ့ ကက်တမင်း ၈၅၇၃ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနဲ့  ဓာတုပစ္စည်း ၆၆ မျိုး ပါဝင်ပြီး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၀၇၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော်) ဖိုးရှိတယ်လို့ စစ်ကောင်စီပြန်ကြာရေးရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်းမှာကျင်းပတဲ့ မီးရှို့ဖျက်ဆီးပွဲမှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိတဲ့  ဘိန်း ၉၁၉ ကီလိုကျော်၊ ဘိန်းဖြူ ၄၆၁ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၂ သန်းကျော်၊ အိုက်စ် ၅၀၉၃ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၉၇ ကီလိုကျော်၊ ကက်တမင်း ၂၇၁၅ ကီလိုကျော်၊ ဆေးခြောက် ၅၉ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၉ မျိုးနှင့် ဓာတုပစ္စည်း ၁၂ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၃၅၃ ဘီလီယံကျော် (အမေ ရိကန်ဒေါ်လာ ၉၈ သန်းကျော်) ကို ဖျက်ဆီးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ကုန်တင်ယာဉ်ရပ်နားကွင်းမှာ ကျင်းပတဲ့ မီးရှို့ဖျက်ဆီးပွဲမှာတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကနေ ဖမ်းဆီးရမိတဲ့ ဘိန်း ၃၅ ကီလိုခန့်၊ ဘိန်းဖြူ ၁၇၃ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၃ သန်းကျော်၊ အိုက်စ် ၁၀၄၇၆ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၃၂ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၁၄ ကီလိုကျော်၊ ကက်တမင်း ၅၇၆၄ ကီလိုကျော်၊ ဆေးခြောက် ၄၀၄ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၅ မျိုးနဲ့ ဓာတုပစ္စည်း ၁၁ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၂၄ ဘီလီယံခန့် (အမေရိကန် ဒေါ်လာ ၁၁၈ သန်းခန့်) ကို ဖျက်ဆီးခဲ့ပါတယ်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ လေယာဉ်ကွင်းအဟောင်းမှာ ကျင်းပတဲ့ မီးရှို့ပွဲမှာတော့ မန္တလေးတိုင်း မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကနေ ဖမ်းဆီးရမိတဲ့ ဘိန်း ၃၈၀ ကီလိုခန့်၊ ဘိန်းဖြူ ၁၁၁၀ ကီလိုခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၅ သန်း ကျော်၊ အိုက်စ် ၆၄၁ ကီလိုခန့်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၈၆ ကီလိုကျော်၊ ကက်တမင်း ၉၃ ကီလိုကျော်၊ ဆေးခြောက် ၁၃၄ ကီလိုခန့်အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနဲ့  ဓာတုပစ္စည်း ၁၇ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂၉၅ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၈၂ သန်းကျော်) ကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၂၅ ခုနှစ် မေ ၃၁ ရက်အထိ တနှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ ငွေကျပ် ၉၇၂ ဒသမ ၄၆၁ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုတွေ ပိုမိုများပြားလာတာဖြစ်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာမှာ စိတ်ကြွမူးယစ်ဆေး အများဆုံးထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ဆက်ရှိနေသလို အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာ ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်နေဆဲလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ရွှေတြိဂံဒေသက ဆက်လက်ကြီးထွားလာနေသည့် မူးယစ်မှောင်ခိုလုပ်ငန်း https://burmese.dvb.no/post/708830

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013