Home
ဆောင်းပါး
ရွှေတြိဂံဒေသက ဆက်လက်ကြီးထွားလာနေသည့် မူးယစ်မှောင်ခိုလုပ်ငန်း
DVB
·
June 6, 2025

ဒီသီတင်းပတ်ထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့  အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်ဟာ အာရှတိုက်မှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု စံချိန်တင်အဆင့်ကို ရောက်ရှိခဲ့တဲ့ နှစ်တနှစ် ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့နဲ့ အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာလည်း သမိုင်းတလျှောက် အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အာရှဒေသတွင်း မူးယစ်ဆေးဝါးဈေးကွက်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအရ ဒေသတွင်းအစိုးရတွေဟာ မက်သာဖက်တမင်း စိတ်ကြွဆေး ၂၃၆ တန်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ ပမာဏရဲ့ ၉၄ ရာခိုင်နှုန်းကတော့ အရှေ့တောင်အာရှက ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်မှာ ဖမ်းဆီးရမိခဲ့တဲ့ တန်ချိန် ၁၉၀ ထက် ၂၄ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။ ၂၀၂၂ မှာ ၁၅၁ တန်နဲ့ ၂၀၂၁ မှာ ၁၇၁.၅ တန် ဖမ်းဆီးရမိခဲ့တဲ့ စံချိန်တွေကိုပါ ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

UNODC ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ယာယီကိုယ်စားလှယ် ဘန်နီဒစ်တ်ဟော့ဖ်မန်းက “၂၃၆ တန်ဆိုတာ ဖမ်းဆီးရမိတဲ့ ပမာဏပဲ ရှိပါသေးတယ်။ ဒီထက်ပိုများတဲ့ ပမာဏကတော့ ဈေးကွက်ထဲကို ရောက်‌ရှိသွားပါပြီ” လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးရမိမှု များလာတာဟာ မြန်မာ၊ ထိုင်းနဲ့ လာအိုနယ်စပ်တို့ဆုံရာ ရွှေတြိဂံဒေသကနေ မက်သာဖက်တမင်း ထုတ်လုပ်မှုနဲ့ မှောင်ခိုကူးမှုတွေ စံချိန်တင် မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ မက်သာဖက်တမင်း အများစုဟာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ ယိုင်နဲ့နေတဲ့ ပြည်နယ်တရားစီရင်ရေးစနစ်တွေ၊ တရုတ်နဲ့ အရှေ့တောင်အာရှ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်းဈေးကွက်တွေနဲ့ နီးစပ်မှုတွေ စတဲ့အချက်တွေဟာ မက်သာဖက်တမင်း ထုတ်လုပ်မှုနဲ့ မှောင်ခိုကူးမှုတွေ တိုးချဲ့ဖို့အတွက် ရေခံမြေခံကောင်းတွေကို ဖန်တီးပေးနေပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့ပြည်တွင်းစစ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခြင်းဟာ “မူးယစ်ဆေးဝါးကရတဲ့ ဝင်ငွေတွေအပေါ် ပိုမိုအားထားလာစေတယ်” လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဒါ့အပြင် “ဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်မှုတွေကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်” လို့ ဆိုထားပါတယ်။ “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက‌နေ မူးယစ်ဆေးဝါး စီးဆင်းမှုတွေဟာ အရှေ့နဲ့ အရှေ့တောင်အာရှမှာသာမက တောင်အာရှ၊ အထူးသဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်းအထိပါ ကျယ်ပြန့်လာခဲ့တယ်” လို့လည်း အစီရင်ခံစာမှာ ဆက်လက် ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ အရှေ့နဲ့ အရှေ့တောင်အာရှမှာ လှုပ်ရှားနေတဲ့ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးဂိုဏ်းတွေဟာ “ပိုမိုလျင်မြန်လာပြီး နည်းပညာပိုင်းမှာလည်း ပိုမိုထက်မြက်လာနေပြီ” ဖြစ်ကြောင်း ထပ်မံဖော်ပြထားပါတယ်။ အဆိုပါဂိုဏ်းတွေဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုကို နှိမ်နင်းတဲ့ ဒေသတွင်း ရဲတပ်ဖွဲ့တွေကိုလည်း တိမ်းရှောင်နိုင်စွမ်း ရှိကြပါတယ်။ အဲဒီဂိုဏ်းတွေဟာ “ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ကွန်ရက်တွေကနေတဆင့် လှုပ်ရှားကြပါတယ်” လို့ ဖော်ပြထားပါတယ်။ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဒေသခံတွေ (ဥပမာ- ယာဉ်မောင်းတွေ၊ တံငါသည်တွေ) ကို လွှဲပြောင်းပေးပြီး အာဏာပိုင်တွေနဲ့ အတတ်နိုင်ဆုံး ဆက်ဆံထိတွေ့မှုမရှိအောင် ပြုလုပ်ထားကြပါတယ်။ ထိုနည်းတူ များပြားလှတဲ့ အမြတ်အစွန်းတွေကို ဖုံးကွယ်ရာမှာလည်း “အဆင့်မြင့် ငွေကြေးခဝါချမှုနဲ့ မြေအောက်ဘဏ်လုပ်ငန်း ကွန်ရက်တွေ” ကို အသုံးပြုကာ ကျွမ်းကျင်စွာ လုပ်ကိုင်လာကြပါတယ်။ ဒါ့အပြင် “မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေနဲ့ တခြားရာဇဝတ်ဂိုဏ်းတွေကြား ပူးပေါင်းမှု တိုးလာတာ” ကိုလည်း သတိပြုမိကြောင်း UNODC က ဖော်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ “မြေအောက်ဘဏ်လုပ်ငန်း၊ တရားမဝင် အွန်လိုင်းကာစီနိုတွေနဲ့ ဆိုက်ဘာနည်းပညာသုံး လိမ်လည်မှုတွေ” နဲ့ ပတ်သက်သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ရာဇဝတ်ဂိုဏ်းတွေရဲ့ အခုလို ပါးပါးနပ်နပ် လုပ်ဆောင်နိုင်မှုအကြောင်း UNODC က ဖြစ်စဉ်  သာဓကတွေနဲ့ တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကနေ လာအိုကို ဖြတ်ပြီး ကမ္ဘောဒီးယားကို ဦးတည်တဲ့ မှောင်ခို ကုန်းလမ်းကြောင်းတွေ လျှင်မြန်စွာ တိုးချဲ့လာနေပါတယ်။ အဲဒီလမ်းကြောင်းဟာ ထိုင်းကိုလည်း တစိတ်တပိုင်း ဖြတ်သန်းပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကမ္ဘောဒီးယား အာဏာပိုင်တွေရဲ့ “သမိုင်းတလျှောက် မက်သာဖက်တမင်း အများဆုံး ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်ရပ်ဟာ” ထင်ရှားတဲ့ သာဓကတခုပါပဲ။ UNODC က မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ကို ဆက်သွယ်ပေးတဲ့ မှောင်ခို ရေလမ်းကြောင်းတွေ ပိုမိုအရေးပါလာတာကိုလည်း ဖော်ပြခဲ့ပါတယ်။ မလေးရှားနိုင်ငံ ဆာဘာပြည်နယ်ဟာ အရှေ့တောင်အာရှရဲ့ “အဓိကကျတဲ့ ရေကြောင်းမှောင်ခိုမှုဗဟိုချက်” တခုအဖြစ် ပေါ်ထွက်လာနေပါတယ်။ မေလ ၂၀ ရက်နေ့မှာ   အင်ဒိုနီးရှားနိုင်ငံဟာ ရီအူးကျွန်းစုအနီး ငါးဖမ်းလှေတစီးကနေ မက်သာဖက်တမင်း ၂ တန် ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါဟာ ရေကြောင်းကတဆင့် မူးယစ်မှောင်ခိုမှုရဲ့ အရေးပါမှုကို ဖော်ပြနေတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး အေဂျင်စီက ဒီမူးယစ်ဆေးဝါးတွေဟာ ရွှေတြိဂံဒေသကနေ စတင်လာခဲ့ပြီး အရှေ့တောင်အာရှ ရေလမ်း‌ကြောင်းတွေကတဆင့် မှောင်ခိုဈေးကွက်တွေဆီသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုဖြစ်စဥ်ဟာ ဧပြီလလယ်ပိုင်းက အင်ဒိုနီးရှားအာဏာပိုင်တွေ ဖမ်းဆီးရမိမှုပြီးတဲ့နောက် ထပ်မံဖြစ်ပွားခဲ့တာပါ။

UNODC အစီရင်ခံစာမှာ ဒေသတွင်း နိုင်ငံအများစုဟာ မက်သာဖက်တမင်းနဲ့ ကက်တမင်း (ketamine) သုံးစွဲမှု အတော်လေး တိုးများလာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာတော့ အသက်ကြီးသူတွေကြား မူးယစ်ဆေးသုံးစွဲသူ အရေအတွက် တိုးလာနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

“မလေးရှား၊ စင်ကာပူနဲ့ ထိုင်းလို ဒေသတွင်း နိုင်ငံအချို့မှာ မူးယစ်ဆေးသုံးစွဲတဲ့ သက်ကြီးပိုင်း အရေအတွက်ဟာ ဆက်တိုက်တိုးလာနေပါတယ်လို့ UNODC အစီရင်ခံစာက ဖော်ပြထားပါတယ်။ တဖက်မှာတော့ မူးယစ်ဆေးသုံစွဲတဲ့ လူငယ်အရေအတွက်က လျော့ကျသွားပါတယ်။ ဒါပေမဲ့ အခုလို ကျဆင်းရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု တားဆီးရေး လှုပ်ရှားမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ မူးယစ်ဆေးဝါးပြဿနာ ဆိုးရွားလာတာနဲ့အမျှ ဒေသတွင်းမှာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး‌ရေးနဲ့ ဖြန့်ဖြူး ရောင်းချမှု လျှော့ချရေးဆိုတဲ့ မဟာဗျူဟာ နှစ်ခုစလုံးမှာ အခုထက်ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ အရေးကြီးကြောင်း” လို့ ဟော့ဖ်မန်းက ပြောကြားခဲ့ပါတယ်။

ဆီဘက်စ်ရှန် စထရန်ဂျီအို

Ref: The Diplomat

(The Diplomat မဂ္ဂဇင်းဝက်ဆိုက်မှာ အရှေ့တောင်အာရှဆိုင်ရာ အယ်ဒီတာ ဆီဘက်စ်ရှန် စထရန်ဂျီအို ရေးသားထားသည့် “Golden Triangle Methamphetamine Trafficking Continues to Surge, UN Says” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024