
မေသုံးဆယ် တွင်း၊ ဒီပဲယင်း၌
သွေးချင်းနီကာ၊ ရိုက်ပွဲမှာဖြင့်
ကြွေလွင့်ခဲ့တာ၊ များဒဏ်ရာနှင့်
အာဇာနည်များ၊ ခုခံသွားခဲ့
နှစ်ဆယ့်နှစ်နှစ် ကြာခဲ့ပြီ။ ။
(၂၂ နှစ်အကြာက မေ ၃၀ ဒီပဲယင်း ရိုက်ပွဲသတ်ပွဲ)
လူအုပ်ကြီးက ပင်နီဝတ်ထားသူ မှန်သမျှကို ရိုက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားမောင်းသမား ကိုကျော်စိုးလင်းတို့က ဒါကို မြင်နေရတယ်။ သတင်းထောက်လေး တယောက်ဟာ ကင်မရာချိန်နေတုန်း နောက်ကနေ ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတယ်။ ခေါင်းကြေမွသွားတယ်။ အဲဒါလည်း ထပ်ဆင့်ရိုက်နေတုန်း။ သတင်းထောက်ကလေး ပွဲချင်းပြီး သေတယ်။ ပင်နီဝတ် NLD အဖွဲ့ဝင်တယောက်ကို ကြံ့ဖွတ်တယောက်က နောက်ကနေ ဓားနဲ့ထိုးတယ်။ ကျောကနေ ရင်ဘတ်ကို ထုတ်ချင်းပေါက်ပဲ။ သူလည်း ပွဲချင်းပြီး သေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကားမောင်းမထွက်ရဘူး။ မပြေးဘူး။ အခု ကိုယ့်လူတွေကို စစ်တပ်က ကြံ့ဖွတ်တွေ စွမ်းအားရှင်တွေက သတ်နေချိန်မှာ အတူ အသေခံမယ်လို့ ပြောနေတယ်။ ကားသမား ကျော်စိုးလင်းကတော့ ခေါင်းဆောင်စကားကို နားထောင်ပြီး အသေခံမလား။ ကားနဲ့ လူအုပ်ကို တိုက်ပြီး ဖောက်ထွက်မလား။ တခုခုကို ရွေးဖို့ ဆုံးဖြတ်နေတယ်။ (ဒေါ်စုရဲ့ ကားသမား ကိုကျော်စိုးလင်း ပြန်ပြောပြချက်)
ဒီပဲယင်း ရိုက်ပွဲ သတ်ပွဲဟာ ၂၀၀၃ ခုနှစ် မေ ၃၀ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ယာဉ်တန်းကို နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်ရိုက် စီစဉ် လုပ်ကြံခဲ့တာပါ။ စစ်တပ်၊ စစ်ထောက်လှမ်းရေး၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ ထောင်ကထုတ်လာတဲ့ လူမိုက်တွေနဲ့ စနစ်တကျ လေ့ကျင့် စီစဉ် သတ်ဖြတ် လုပ်ကြံခဲ့တာလေ။ စစ်ထောက်လှမ်းရေး အစီရင်ခံစာမှာ ၇၀ နီးပါး ဒဏ်ရာရပြီး ၄ ဦး သေဆုံးတယ်လို့ပဲ ဖော်ပြထားတယ်။ မေ ၃၀ ညပိုင်း ဖြစ်ခဲ့တဲ့ ဒီပဲယင်းလူသတ်မှုကနေ ပြန်လည်လွတ်မြောက်လာသူတွေကတော့ သေသူ ၇၀ လောက် ရှိနိုင်တယ်လို့ ဆိုတယ်။ အခုကတော့ ဒီပဲယင်း ၁၃ နှစ်မြောက်က ကဗျာတပုဒ်ကို တင်ပြလိုပါတယ်။ ကျော်ကျည်ခိုင်{ဒီပဲယင်း} က ရေးထားခဲ့တာပါ။
ကြယ်မကြွေသူမသေ
မှိုင်းညိုညရိပ်၊ လူခြေတိတ်၌
ကျုံးထိပ် ကမူ၊ မြို အငူ မှ
ခွေးအူသံ ကြား၊ ကားသံလူသံ
ဗြောင်းဗြောင်းညံသော
တရံရောက ညတစ်ညတည့်
ကာလတွက်စစ် ၁၃ နှစ်တောင်ကြာပြီပဲ။
ကားမောင်းစားတာ၊ အပြစ်မဲ့ပါလည်း
အာဏာငင်ရာ၊ သူလိုက်ပါရ
ကြည်ရွာကသတင်း၊ သွေးချင်းချင်းနီ
အလောင်းချင်းစည်သတဲ့၊ ညသည်ရှည်လျား
ရထား ရထား၊ ဟယ်လို ဘာရယ်
လွတ်သွားတယ်၊ အေး သတ်မယ်
သတ်မယ် သတ်တဲ့၊ ဖျတ်ခနဲအငေး
ကားကလေးတစီး၊ နီးသထက်နီးလာ
လာပြီ လာပြီ၊ လာပြီပိတ်တိုက်
တိုက်-တိုက် တိုက်စမ်း။
ပါးမှာလက်ဝါး၊ ခါးတွင်သေနတ်
ဆုံးဖြတ်ခက်ခဲ၊ ရဲရင့်တွေဝေ
သေမလားနေမလား၊ သူစဉ်းစားနေ
“ငါ” သေလို့မထူး၊ “သူ” နေရင်ထူးတယ်
သင်းလက်ဝါးကြောင့်
ငါ့ပါးမီးတောက်၊ မှောက်သွားပစေ
အမေ မသေစေရဘူး။
စပါးလည်းထွက်၊ တရားဖက်ပြီး
ဓားထက်တဲ့မြေ၊ သည်မြေကသား
ဒီပဲယင်း “ဓား” ဟေ့
ခါးကသေနတ်နှင့်၊ ပစ်သတ်လိုက်စမ်း
ငါသေစမ်းပစေ၊ အမေမသေစေရဘူး။
“အမေစုသည်၊ ပြည်ထောင်စုပန်း
အောင်ဆန်းစုကြည်၊ မြန်မာပြည်တည့်
ကိုယ့်ပြည်ကိုယ်သတ်
ခွေးဇာတ်ခင်းရာ၊ ငါမပါနိုင်။
ဒရိုင်ဘာ “သူ” သည်၊ ဂီယာကိုပြောင်း
လမ်းဘေးမောင်းချ၊ ခါးကသေနတ်ပြောင်း
မြောင်းထဲရောက်ချိန်၊ မီးထိန်ထိန် ကြား
အမေ့ကား လွတ်မြောက်သွားခဲ့ပြီ။
ကျော်ကျည်ခိုင်{ဒီပဲယင်း}
အခုဆိုရင် ဒီပဲယင်းလူသတ်ပွဲကြီး ဖြစ်ခဲ့တာ ၂၂ နှစ်ကြာခဲ့ပါပြီ။ တရားခံတွေကတော့ လွတ်နေဆဲ။ သက်သေအဖြစ် ဒီပဲယင်းတရားခံကို ဖော်ထုတ်လိုက်တဲ့ ကိုယ်တွေ့ သမိုင်းစာအုပ်တအုပ် ထွက်ရှိလာခဲ့ပါတယ်။ စာအုပ်ရေးသူကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် ဒီပဲယင်း သတ်ပွဲလုပ်ဖို့ ညွှန်ကြားတဲ့ အစည်းအဝေးထဲပါခဲ့တဲ့ ဦးခင်ညွန့်ပါ။ သူက “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀ အထွေထွေ” စာအုပ်ကိုရေးပြီး ဖော်ပြထားခဲ့တာပါ။ ဖော်ကောင်ခင်ညွန့်ပေါ့။
ဦးခင်ညွန့် စာအုပ်အခန်း ၂၆ ဒီပဲယင်းအကြောင်း
(အခန်း ၂၆)
ဒီပဲယင်းအဖြစ်အပျက်နှင့် ကျွန်တော်
ဒီအဖြစ်အပျက်နဲ့ ပတ်သက်၍ ကျွန်တော် မသိပါဟု ပြောလျှင် ကျွန်တော် လိမ်ရာ ရောက်ပါမည်။ ကျွန်တော်က အတွင်းရေးမှူး (၁) ဆိုတော့ ဒီကိစ္စကလည်း နိုင်ငံရေးဖြစ်စဉ် ဖြစ်တာကြောင့် ကျွန်တော် မသိ၍မဖြစ် သိပါသည်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယာဉ်တန်းရှည်ကြီးဖြင့် ရှေ့ပြေး မော်တော်ဆိုင်ကယ် အုပ်စုကြီးဖြင့် လှည့်လည်ကာ စည်းရုံးရေးတရားတွေ ဟောနေသည့်အချိန် ဖြစ်ပါသည်။ ဒီလို အုတ်အော်သောင်းတင်း ဖြစ်ပေါ်နေသည့်အချိန်ဆိုတော့ အစိုးရအဖွဲ့အတွက် စိုးရိမ်စိတ် ဖြစ်ပေါ်နေတာကတော့ အမှန်ဖြစ်ပါသည်။
ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းရှည်ကြီးဟာ မန္တလေးမှ ထွက်ခွာပြီး လမ်းတလျှောက် စည်းရုံးရေးတရားတွေ ဟောရင်းနဲ့ မုံရွာမြို့လည်းရောက်ရော နအဖ ဥက္ကဋ္ဌ (ဦးသန်းရွှေ) က ကျနော်တို့လူကြီးပိုင်း ၅ ယောက်၊ ၆ ယောက်ကို သူ့အခန်းသို့ ခေါ်လိုက်ပါသည်။ ကျနော်တို့ လူလည်းစုံရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါတယ်။ ထိုအချိန်တွင် ကျနော်ကပဲ အကြမ်းဖက်တားဆီးတာမျိုး မလုပ်သင့်ကြောင်း ပြောသောအခါ ကျနော်တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲဒါကလည်း ကျနော့်အတွက် ကောင်းသည်ဟု မြင်ပါသည်။ ဒီမှာတင်ပဲ ဒီကိစ္စနဲ့ ပတ်သက်၍ ကျနော့်ကို လုံး၀ တာဝန်မပေးတော့ဘဲ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာမြို့ကို လိုက်ပါစေပါသည်။
ကျွန်တော့်မှာလည်း တာဝန်ရှိပါသည်
ထိုအချိန်က တိုင်းမှူးကတော့ ဗိုလ်မှူးချုပ်စိုးနိုင် ဖြစ်ပါသည်။ အသေးစိတ် စီစဉ်ညွှန်ကြားမှုတွေတော့ မသိတော့ပါ။ သို့သော် ထောက်လှမ်းရေးတပ်ဖွဲ့တွေက တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းမှာ တိုင်းမှူး၏ ကွပ်ကဲမှုအောက်မှာ ရှိတာကြောင့် တချို့ဖြစ်စဉ်တွေကို ကျနော် သိနေရတာ အမှန်ပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ဒီဖြစ်စဉ်ကြီးတခုလုံးမှာ ကျနော် ဦးဆောင်ပါဝင်ရခြင်း မဟုတ်သော်ငြားလည်း ကျနော်သည် အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်တယောက် ဖြစ်တာကြောင့် ကျနော့်မှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။ အစိုးရအဖွဲ့ဆိုတာ အဖွဲ့ဝင်အားလုံး တိုင်ပင်ခြင်း၊ အသိပေးခြင်းဖြင့် လုပ်ငန်းတခုကို အကောင်အထည်ဖော်ရတာ ဖြစ်သောကြောင့် ဘယ်လိုကိစ္စရပ်မျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာသည့် အကြောင်းတရားနဲ့ အကျိုးဆက်များအပေါ်မှာ အစိုးရအဖွဲ့ဝင် အားလုံးမှာ တာဝန်ရှိကြတာပါပဲ။ အားလုံးက တာဝန်ခံကြရမှာ ဖြစ်ပါတယ်ဟူ၍ ပြောလိုပါတယ်။
အထက်စာသားတွေကတော့ ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ရေးတဲ့ ‘ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀ အထွေထွေ’ စာအုပ်ပါ ဒီပဲယင်းအကြောင်း ကူးယူဖော်ပြချက် ဖြစ်ပါတယ်။ တွင်း (၁) နအဖကြီး ခင်ညွန့် ကိုယ်တိုင် ဖော်ကောင်ပါပဲ။
“ကဗျာဆိုတာ လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ”လို့ ဒေါ်အောင်ဆန်းစုကြည်က ကဗျာနဲ့ပတ်သက်လို့ ရေးခဲ့ဖူးပါတယ်။ ဒီပဲယင်း သတ်ပွဲအပြီး ကဗျာတွေ ထွက်လာပါတယ်။ အထက်မှာ ကျော်ကျည်ခိုင်{ဒီပဲယင်း} ရဲ့ ကဗျာ ဖော်ပြပြီးပြီ။ အခု ထိုက်သူနိုင်ရဲ့ ကဗျာကို ဖော်ပြလိုက်ပါတယ်။ နောက်ထပ် ကြည်မောင်သန်း မောင်လွမ်းဏီတို့ရဲ့ ကဗျာတွေလည်း ရှိပါသေးတယ်။
ဒီပဲယင်းကျောက်စာ
ကြယ်တွေ အားလုံး ချုံးပွဲချ
လမင်းမျက်လုံး…အဖောက်ခံရတဲ့ည၊
မိစ္ဆာမာန်ဖီ စစ်သွေးကြွ
သွေးစွန်းဓားတွေ အရောင်သ
မိုးချုန်းသံတွေ ကိုယ်ထင်ပြ
နှလုံးသားတွေကို ယစ်ပူဇော်တဲ့ည၊
သူရဲကောင်းတွေ ကျောတွေ ဖြန့်ခင်းကြ
အမှောင်ထုကို လက်ဆင့်ကမ်းကာကြ
အရိုးတွေကို မီးမြှိုက် အလင်းပေးကြ
အလင်းအတွက် အသက်တွေ ရင်းတဲ့ည။
ပန်းတွေ သွေးနံ့ထောင်းထောင်းထ
စမ်းတွေ စီးရင်းခန်းခြောက်ရ
အံကြိတ်ရင်းနဲ့ နှုတ်ခမ်းတွေ ပြတ်တဲ့ည။ ။
ထိုက်သူနိုင်
နောက်ထပ် ဒီပဲယင်းကဗျာကတော့ ကွယ်လွန်သူ ဆရာလှသန်း (ကြည်မောင်သန်း) ရဲ့ ကဗျာပါ။ အရေးအကောင်း သမိုင်းကြောင်းလေးထင်ပြီး ချယ်ရီမဂ္ဂဇင်းမှာတောင် ဖော်ပြခံခဲ့ရတာပါ။ နောက်တော့မှ ပြသနာတွေတက်။
ဒီပရင်္ဂ
ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်း မဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းကရှိတဲ့ မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆာက်အအုံတွေ ပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။
အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်။
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်။
ဒီလိုနဲ့
ဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။
ဒီမြို့မှာ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်။
ဒီမြို့မှာ လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်။
ဒီမြို့မှာ အမျိုးသမီးတစ်ယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်။
ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်။
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင် ရွာတဲ့မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။
ကြည်မောင်သန်း
၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း မှ
ဆရာ ကျော်ကျည်ခိုင်{ဒီပဲယင်း}၊ ဆရာထိုက်သူနိုင်နဲ့ ဆရာကြည်မောင်သန်းတို့လို တော်လှန်ကဗျာဆရာ မောင်လွမ်းဏီကလည်း အညာသမိုင်းထဲကမြို့တမြို့ ခေါင်းစဉ်နဲ့ ဒီပဲယင်းကဗျာတပုဒ် ရေးခဲ့တယ်။ အညာသား ကဗျာဆရာရဲ့ အညာသမိုင်းထဲက ဒီပဲယင်းမြို့အကြောင်း ကဗျာပေါ့။
အညာသမိုင်းထဲကမြို့တမြို့
ဒီမြို့မှာ
ကျောက်စာတခု
ကဗျာဆရာတဦးထွင်းထုခဲ့တယ်။ *
အဲဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ကြ၊
သစ္စာဖောက်တွေ အတောင်ပေါက်ကြ၊
လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရ၊
အမျိုးသမီးတယောက် သေကံမရောက်၊ သက်မပျောက်ဖြစ်ခဲ့ရ၊
အံကြိတ်ရ တောက်ခေါက်ရ အဖြစ်အပျက်တွေထဲ
ကဗျာဆရာတယောက်လည်း
ကြေကွဲထိရှ ပေါက်ကွဲခဲ့ရ။ **
လေးဆယ့်ငါးဖွား မိန်းမသားကို
တရားစောင့်ရှောက်ခဲ့တာကို။
နှစ်ထောင့်သုံး မေသုံးဆယ် လွတ်တော်မူခန်း။
ဇာတ်လမ်းအဆက် ကြည်ရွာထက်မှာ၊
တရက်ရုံတင်နိုင်ပေလိမ့်။
မောင်လွမ်းဏီ
၆-၆-၀၉
* ထိုက်သူနိုင်ရဲ့ ဒီပဲယင်းကျောက်စာ
** ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ
မေ ၃၀ ဒီပဲယင်း ၂၂ နှစ်မှာ ဒီပဲယင်းကဗျာတွေကတော့ ထပ်လည်း ရှိနေကြပါသေးတယ်။ လတ်လောကတော့ ဒီကဗျာလေးတွေကို ဖော်ပြလိုက်ပါတယ်။ ကဗျာတွေထဲမှာ ဒီပဲယင်းအရေးအခင်းကြီးရဲ့ သမိုင်းစတွေကို တွေ့ရမှာပါ။
ဒီပဲယင်းစိတ်ဓာတ်စွဲကိုင်ကြ
အာရှတရားရေးအရင်းအမြစ်ဌာနရဲ့ ၂၀၀၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ တင်ပြခဲ့တဲ့ ဒီပဲယင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဆိုင်ရာ အကြောင်းအရာတွေနဲ့ တိုက်ခိုက်မှုအပေါ် အကျဉ်းချုပ် လေ့လာတွေ့ရှိချက်တွေအရ စစ်အာဏာရှင်တွေဟာ တိုက်ခိုက်မှုကို ရှင်းလင်းစွာ ကြိုတင်ပြင်ဆင်ထားပြီး ကောင်းမွန်စွာ ဖွဲ့စည်းထားကြောင်း တွေ့ရှိရပါတယ်။
ယာဉ်တန်းကိုတိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ လူပေါင်း ၅,၀၀၀ လောက်ကို ဝေးလံခေါင်သီ ကျေးလက်ဒေသကို ပို့ဆောင်ခဲ့တယ်။ တိုက်ခိုက်သူတွေ အားလုံးဟာ လက်နက်ကောင်းတွေရှိပြီး သတ်ဖြတ်တဲ့ နေရာနှစ်ခုမှာ ဗျူဟာမြောက် တည်ရှိခဲ့ကြတယ်။
မော်တော်ယာဉ်တန်းတွေ မရောက်ခင်ကတည်းက ဒေသဆိုင်ရာ အာဏာပိုင်တွေက အနီးနားရှိ ကျေးရွာတွေမှာ နေထိုင်သူတွေကို အိမ်ထဲမှာပဲ နေကြဖို့ ခြိမ်းခြောက်ခဲ့တယ်။
အာဏာပိုင်တွေက ဒီပဲယင်း တိုက်ခိုက်မှုကနေ အသက်ရှင် ကျန်ရစ်သူတွေကို စနစ်တကျ ရှာဖွေဖမ်းဆီးခဲ့တယ်။ ဒါတွေဟာ အမြစ်ပြုတ် တိုက်ခိုက်ခဲ့တာတွေပါပဲ။ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဗိုလ်ထိန်လင်း ပြောခဲ့သလိုပါပဲ ဒီပဲယင်းသတ်ဖြတ်မှုဟာ မဆွေးနွေးဘူး၊ ရင်ကြားမစေ့ဘူး၊ အပြုတ်တိုက်မယ် ဆိုတာကို ပြနေတာပါပဲ။
လွန်ခဲ့တဲ့ ၂၂ နှစ် မေ ၃၀ ဒီပဲယင်းမှာ ကြံ့ဖွတ် (စစ်တပ်) က ပြည်သူကို အပြုတ်တိုက်ခဲ့တယ်။ ဒါကြောင့် ပြည်သူကလည်း ဒီနေ့ ကြံ့ဖွတ် (စစ်တပ်) ကို အပြုတ်တိုက်နေပါပြီ။ အခု မကြာခင်ကပဲ ဒီပဲယင်း အိုးတိန်တွင်းမှာ ကျောင်းကို ဗုံးကြဲပြီး ပြည်သူကို ကလေးငယ်တွေကို သတ်ပြခဲ့ပြန်ပါပြီ။ ဒါကြောင့် ဒီပဲယင်းစိတ်ဓာတ် စစ်အာဏာရှင် အမြတ်ဖြတ်ဖို့သာ ဦးတည် တိုက်ပွဲ ဆင်နွှဲကြရမှာပါခင်ဗျာ။
၂၂ နှစ်၊ ကြာပြီဖြစ်လည်း
မေ့ပစ်ဖို့ရာ၊ မရှိပါ
သူငါရင်တွင်း၊ ဒီပဲယင်းတွင်
ကမ္ပည်းတင်လို့ထားလိုက်ပြီ။ ။
မောင်တူး