
၁၉၉၀ နှောင်းပိုင်း နှစ်တနှစ်လောက်မှာ ဖြစ်မယ်ထင်ပါတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီတခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တယောက်ကို စစ်ထောက်လှမ်းရေးက ဖမ်းသွားပါတယ်။ တနေ့မှာ အဲဒီခေါင်းဆောင်ကို ထောက်လှမ်းရေးဗိုလ်မှူးတယောက်က စစ်ဆေးမေးမြန်းပါတယ်။ မေးမြန်းမှုအတွင်း ဖက်ဒရယ်နိုင်ငံသစ်ကိစ္စ ရောက်လာတဲ့အခါ ဗိုလ်မှူးက မြန်မာနိုင်ငံ မြေပုံကားချပ်ကြီးတခု ယူလာပြီး “ကဲ ခင်ဗျားတို့ထူထောင်ဖို့ ရည်မှန်းထားတဲ့ ဖက်ဒရယ်နိုင်ငံတော်သစ် ဆိုတဲ့ နိုင်ငံမှာ ခင်ဗျားတို့ ပြောပြောနေတဲ့ (၈) ပြည်နယ်ဆိုတာရဲ့ ပြည်နယ်နယ်နိမိတ်တွေကို မြေပုံပေါ်မှာ ဆွဲပြစမ်းဗျာ” လို့ ခိုင်းပါတယ်။
တိုင်းရင်းသားခေါင်းဆောင်က “ပြည်နယ်တွေရဲ့ နယ်နိမိတ်ကို ကျနော် ဒီလိုဆွဲလို့ ဘယ်ရမလဲ၊ ကျနော်သာ မဟုတ်ဘူး၊ ဘယ်သူမှလည်း ကိုယ့်သဘောနဲ့ကိုယ် ဆွဲလို့မရဘူး။ ဒီကိစ္စက ဒီမိုကရေစီ အလုံအလောက်ရှိတဲ့ အခြေအနေမှာ ပင်လုံလို ပြည်ထောင်စုညီလာခံကြီးတရပ် ကျင်းပပြီး မြန်မာအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ ကိုယ်စားလှယ်တွေ တဦးကိုတဦး အပြန်အလှန် လေးစားမှု၊ အပြန်အလှန် တန်ဖိုးထားမှု၊ အပြန်အလှန် နားလည်မှုတွေနဲ့ အကြိမ်ကြိမ် အထပ်ထပ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးတော့မှ ရေးဆွဲသတ်မှတ်ကြရမယ့် ကိစ္စပဲဗျ။ ဒီလောက်ကြီးမားတဲ့ ကိစ္စကို ကျနော်တယောက်တည်းက ဘယ်လိုလုပ်လို့ ရနိုင်မှာလဲ။ ကြုံလို့ပြောရရင် အခုရှိနေတဲ့ တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ပြည်နယ် ဆိုတာကလည်း ၁၉၆၂ မှာ အာဏာသိမ်းခဲ့တဲ့ ဦးနေဝင်း အစိုးရက တနည်းပြောရရင် စစ်တပ်က သူ့သဘောနဲ့သူ ရေးဆွဲခဲ့တဲ့ နယ်နိမိတ်တွေပဲ။ အဲဒီနယ်နိမိတ်တွေကို ကျနော် လက်မခံဘူး။ အထူးသဖြင့် နိုင်ငံရဲ့ (stakeholder) တွေထဲက တစုတဖွဲ့မျှသာဖြစ်တဲ့ စစ်တပ်က အဲသလိုလုပ်တဲ့ပုံစံကို ကျနော်လက်မခံဘူး။ ကျနော့်လိုပဲ အဲဒီလုပ်နည်းလုပ်ဟန်မျိုးကို လက်မခံတဲ့ တိုင်းရင်းသားတွေ အများကြီးရှိတယ်လို့ ကျနော်ယုံကြည်တယ်” လို့ ရဲရဲရင့်ရင့် ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့နှစ်ယောက် အတော်ကလေး အချေအတင် ဖြစ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ ဗိုလ်မှူးက “ခင်ဗျားတို့ ဖက်ဒရယ်ပဲခေါ်ခေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်စီရင် ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေရဲ့ ပြည်ထောင်စုပဲခေါ်ခေါ် အဲဒီဟာကြီးပေါ်လာအောင် ခင်ဗျားတို့ တိုင်းရင်းသားတွေ ဘယ်တော့မှ ညှိနှိုင်းလို့ရမှာ မဟုတ်ဘူး။ ဘယ်တော့မှ သဘောတူညီချက်ရမှာ မဟုတ်ဘူး။ ငြင်းကြ ခုန်ကြရင်း တိုက်ကြခိုက်ကြဖြစ်၊ နောက်ဆုံးတော့ ယူဂိုစလားဗီးယားလို ပြည်ထောင်စုမြန်မာနိုင်ငံကြီး တစစီ ပြိုကွဲသွားတာနဲ့ နိဂုံးချုပ်သွားမှာပဲ။ ဒါကိုသိလို့ ကျုပ်တို့ တပ်မတော်ခေါင်းဆောင်တွေက နိုင်ငံတော်တာဝန်ကို မယူချင်ဘဲ ယူခဲ့ရတာ။ ဒီတာဝန်ကို အခုအထိ ဆက်ယူထားရတာလည်း ဒီအကြောင်းကြောင့်ပဲ။ နောင်ကမ္ဘာတည်သရွေ့လည်း ပြည်ထောင်စုမြန်မာနိုင်ငံကြီး ပြိုကွဲမသွားဖို့ တပ်မတော်က ဦးစီးဦးဆောင်ပြုပြီး ကာကွယ်စောင့်ရှောက်သွားရမှာပဲ” လို့ ပြောဆိုခဲ့ပါတယ်။
အဲဒါဟာ တပ်မတော်ကို ထူထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက မလိုလားလို့ အကြိမ်ကြိမ် သတိပေးခဲ့တဲ့ မြန်မာစစ်ဝါဒ သို့မဟုတ် မြန်မာစစ်အာဏာရှင်ဝါဒ သို့မဟုတ် မြန်မာဖက်ဆစ်ဝါဒရဲ့ (narrative) ပါပဲ။ အဲဒီဝါဒကို ထူထောင်ခဲ့သူ စစ်ဗိုလ်ချုပ်ကြီးတွေ နှုတ်တိုက်ချပေးထားတဲ့အတိုင်း အဲဒီဗိုလ်မှူးက ကြက်တူရွေးလို ရွတ်ပြခဲ့တာ ဖြစ်ပါတယ်။ ပေါ်စမှာတော့ အဲဒီဝါဒမှာ နိုင်ငံရေး အရင်းအနှီးနဲ့ အခြေအမြစ် တစုံတရာ ရှိကောင်းရှိခဲ့နိုင်ပေမဲ့ အာဏာကို အရင်းပြုပြီး စီးပွားဖြစ်နိုင်ကြောင်း စစ်ဗိုလ်တွေ ကောင်းကောင်းသိသွားပြီး နောက်မှာတော့ အဲဒီ narrative ဟာ အောက်လမ်းဆရာလက်ထဲက ကြိမ်လုံးလို ခြောက်စား ဟောက်စား ရိုက်စား နှိုက်စား လုပ်ရာမှာ အသုံးပြုတဲ့ အနှစ်မပါ အကာပြဲ့ပြဲ့ ဗလာစကားတခုအဖြစ်သာ ရှိနေပါတော့တယ်။
မြန်မာ့နိုင်ငံရေးကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နိုင်သူအားလုံး သိကြတဲ့အတိုင်း အနည်းဆုံး သက်တမ်း နှစ် ၆၀ ကျော် ရှိခဲ့ပြီဖြစ်တဲ့ မြန်မာစစ်အာဏာရှင်စနစ်အတွက် အခုအချိန်ဟာ မျောက်မင်းအူသံ သို့မဟုတ် ဗျိုင်းတောက်ခေါက်သံ သို့မဟုတ် အသုဘတီးလုံးကို ကြားနေရချိန် ဖြစ်ပါတယ်။ အဲဒီတီးလုံးကို စုပေါင်းတီးမှုတ်နေကြတာက နွေဦးတော်လှန်ရေး အင်အားစုများ ဖြစ်ပါတယ်။ တူမီးကျည်ပေါက်သံနဲ့ စခဲ့၊ ၁၀/၂၇ နဲ့ အရှိန်ရခဲ့၊ နိုင်ငံတဝန်းက စခန်းသိမ်း မြို့သိမ်း တိုက်ပွဲများနဲ့ အရှိန်မြင့်လာခဲ့တဲ့ အဲဒီတီးလုံးဟာ အခုအချိန်မှာ ဝါးသုတ်စည်းနဲ့ ဒုန်းဆိုင်းမြည်ဟီးပြီး မြန်မာစစ်အာဏာရှင်စနစ်ရဲ့ နွားအိုနောက်ကျသား (စကစ) ကို မီးသင်္ဂြိုဟ်စက် အဝသို့ မောင်းပို့နေပြီ ဖြစ်ပါတယ်။ စကစရဲ့ နိဂုံး မကြာခင် မလွဲမသွေ ရောက်လာတော့မယ်ဆိုတဲ့ အချက်က မျက်စိမမှုန်သူတိုင်းရဲ့ စိတ်မျက်စိထဲ အထင်အရှား မြင်တွေ့နေကြရတဲ့ မြင်ကွင်း ဖြစ်ပါတယ်။
ဒါကြောင့် ဒီအချိန်က နွေဦးအင်အားစုတွေအတွက် စစ်အာဏာရှင်စနစ်အလွန်မှာ တည်ဆောက်မယ့် နိုင်ငံတော်သစ်ရဲ့ ပုံပန်းသဏ္ဌာန်ကို စိတ်ကူးနဲ့ ပုံဖော်ထုဆစ်ကြဖို့ အသင့်တော်ဆုံးအချိန် ဖြစ်ပါတယ်။ ထုဆစ်နေကြတဲ့ သတင်းတွေကိုလည်း ကြားသိနေရပါတယ်။ ဒါပေမဲ့ အဲသလိုမျိုး သတင်းတွေထဲမှာ စိတ်အားတက်ကြွ ကြည်နူးချမ်းမြေ့စရာ သတင်းတွေချည်း ပါတာတော့ မဟုတ်ပါဘူး။ ရတက်မအေးဖြစ်စရာ သတင်းတွေလည်း ပါပါတယ်။
ရတက်မအေးစရာ သတင်းတခုက ၁၀/၂၇ စစ်ဆင်ရေးမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (ERO) တခုက PDF တွေ၊ LPDF တွေနဲ့ လက်တွဲပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စကစရဲ့ တိုင်းစစ်ဌာနချုပ်ကြီး တည်ရှိရာ မြို့တမြို့ကို မဟာမိတ်တပ်ဖွဲ့တွေရဲ့ သဘောတူညီချက် မပါဘဲ စကစလက်ထဲ ပြန်ထည့်ပေးခဲ့ပြီးနောက် တရုတ်ရဲ့ ဖိအားအောက်၊ စကစရဲ့ ပေးသလောက်ယူ ကျွေးသလောက်စား ဘဝမှာပဲ နေထိုင်သွားတော့မယ့် အလားအလာ ရှိနေခြင်းဖြစ်ပါတယ်။ အဲဒီ ERO က စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်က ပျောက်ကွယ်သွားတဲ့အထိ ပြည်သူတို့နဲ့အတူ လက်တွဲတိုက်ခိုက်သွားမယ်လို့ ၁၀/၂၇ စစ်ဆင်ရေးအစမှာ ကတိပြုထားခဲ့တာ ဖြစ်ပါတယ်။
တခြား ERO တခုကလည်း PDF တွေ၊ LPDF တွေနဲ့ လက်တွဲပူးပေါင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ နယ်မြေတွေကို အနာဂတ်မှာ ပေါ်ပေါက်လာမယ့် သူ့ပြည်နယ်ထဲက ပိုင်နက် နယ်မြေများသဖွယ် သဘောထားပြီး ပြောဆိုပြုမူ ဆောင်ရွက်နေတာကို တွေ့မြင်နေရပါတယ်။ အဲဒီ ERO ဟာ သူတည်ထောင်ရာမှာ အဓိကနေရာက ပါဝင်ကူညီခဲ့တဲ့ နွေဦးတော်လှန်ရေး ဘက်တော်သား ဝါရင့် ERO ကြီး၊ နွေဦးတော်လှန်ရေးမှာ မပါဝင်တဲ့ EAO တခုတို့နဲ့လည်း ပိုင်နက်နယ်မြေဆိုင်ရာ ပြင်းထန်တဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားနေပါတယ်။ တနေရာမှာတော့ နိုင်ငံ့လွတ်လပ်ရေးနဲ့ သက်တမ်းအတူလောက်ရှိခဲ့တဲ့ ERO ကြီးရဲ့ (တော်လှန်ရေးစကတည်းက ရှိနေခဲ့တာဖြစ်တဲ့) ပိုင်နက် နယ်မြေ သတ်မှတ်ချက်တွေကလည်း တချို့သော တိုင်းရင်းသားလူမျိုးစုတွေအတွက် စိတ်မသက်မသာဖြစ်စရာ ဖြစ်နေပါတယ်။ စကစကို ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်တိုက်ခိုက်ရင်း ထူးခြားပြောင်မြောက်တဲ့ အောင်ပွဲတွေ ရရှိလာခဲ့တဲ့ နိုင်ငံအနောက်ပိုင်း တောင်တန်းဒေသက တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ ကြားမှာလည်း အခုအထိ ခိုင်မာတဲ့ ညီညွတ်ရေး မတည်ဆောက်နိုင်သေးဘူး ဖြစ်နေပါတယ်။
ဒါတွေက နွေဦးတော်လှန်ရေးဘက်တော်သား တော်လှန်ရေးအဖွဲ့တွေကြားမှာ ရှိနေတဲ့ ပြဿနာတချို့ကို ခဲခြစ်ကောက်ကြောင်း ဆွဲကြည့်လိုက်တာပဲ ရှိပါသေးတယ်။ နွေဦးတော်လှန်ရေးမှာလည်း မပါ၊ စကစ ဘက်တော်သားလည်း မဟုတ်တဲ့ EAO တချို့ကြားမှာ တက်နေတဲ့ ပြဿနာတွေလည်း ရှိပါသေးတယ်။ ၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ EAO တွေထဲက တချို့ကလည်း စကစ ရှေ့က စစ်အစိုးရတွေနဲ့ ချုပ်ဆိုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကနေ ရရှိခဲ့တဲ့ အကျိုးအမြတ်တွေမှာ မိန်းမောသာယာနေကြပုံရပြီး အဲဒီအခြေအနေ ယုတ်လျော့သွားမှာကို စိုးရိမ်ပူပန်တာကြောင့် ၂၀၂၁ မှာ ပေါ်လာတဲ့ စကစ ကို မနှစ်မြို့ပေမဲ့ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်လို့ ကြွေးကြော်ထားတဲ့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါ်ထင်ထင် ပါဝင်ခြင်း မရှိကြပါဘူး။ ဒါတွေတင်ပဲလား ဆိုတော့ မကုန်သေးဘူး ကျန်သေးတယ်လို့ ပြောရပါမယ်။
စကစ ဟာ ပြည်သူ့အစိုးရလက်ထဲက နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ထားပြီး လူမျိုးပေါင်းစုံ ပြည်သူတွေကို နေ့စဥ်ရက်ဆက် ဖမ်းဆီးနှိပ်စက် ညှဥ်းဆဲသတ်ဖြတ်နေတဲ့ အကြမ်းဖက်အဖွဲ့ တခုသာ ဖြစ်တယ်ဆိုတဲ့အချက် ထင်ထင်ရှားရှား ပေါ်ထွက်လာနေသည့်တိုင်အောင် ကိုယ်ကျိုးစီးပွားကြောင့် စကစနဲ့ လက်တွဲပူးပေါင်းပြီး နွေဦးတော်လှန်ရေး အင်အားစုတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ EAO တချို့လည်း ရှိနေပါသေးတယ်။ တချိန်တည်းမှာ ERO တွေဟာ PDF တွေ၊ LPDF တွေအတွက် အမှန်တကယ်ပဲ ကျေးဇူးကြီးမားသူတွေ ဖြစ်သည့်တိုင် သူဟာ နိုင်ငံတော်အစိုးရ ဖြစ်တယ်လို့ အော်ဟစ်နေတဲ့ နိုင်ငံအဆင့် အကြမ်းဖက်အဖွဲ့ စကစ ကို ထိထိရောက်ရောက် တန်ပြန်နိုင်ဖို့ ရည်ရွယ်ချက်နဲ့သာ ဖွဲ့စည်းခဲ့ခြင်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ERO တချို့က ထိုက်တန်တဲ့ လေးစားအသိအမှတ်ပြုမှု မရှိဘူး၊ အမြတ်ထုတ်ဖို့သာ အသုံးချနေတယ်၊ ERO တချို့က အလယ်အလတ်အဆင့် ခေါင်းဆောင်တချို့ရဲ့ ကိုယ်ကျိုးစီးပွားပေါ် အခြေခံတဲ့ လုပ်ရပ်တွေကြောင့် PDF တွေ LPDF တွေရဲ့ အသက်တွေ၊ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေကြရတယ်ဆိုတဲ့ သတင်းတွေလည်း တိုးတိုးတိတ်တိတ် ထွက်ပေါ်နေပါတယ်။
ယောကျ်ားကောင်းတယောက်အတွက် အဆင်းရော အချင်းပါ ပြည့်စုံပြီး ကိုယ်ကလည်း နှစ်သက်မြတ်နိုးတဲ့ မိန်းကလေးတယောက်နဲ့ သက်ဆုံးတိုင် ပျော်ရွှင်စွာ ပေါင်းဖက်သွားနိုင်ခြင်းဟာ ကောင်းချီးမင်္ဂလာတပါး ဖြစ်ပါတယ်။ အဲသလိုမျိုး ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် အဲဒီ ယောကျ်ားကောင်းမှာ ပြုဖွယ်ကိစ္စတွေ အများကြီးရှိပါတယ်။ အဲဒီမိန်းကလေးကို လက်ဝယ်ပိုင်ပိုင် ရရှိတဲ့အခါ သာယာပျော်ရွှင်တဲ့ ဘဝကို ဘယ်လိုထူထောင်မယ်၊ ပွားစီးလာတဲ့ သားသမီးတွေကို ဘယ်လိုပြုစုပျိုးထောင်မယ်၊ နှစ်ဖက်မိဘဆွေမျိုး မိတ်ဆွေအသိုက်အဝန်းတွေနဲ့ အောင်မြင်တဲ့ ဆက်ဆံရေးတွေ ဘယ်လိုထူထောင်မယ်၊ အဲဒီမျှော်မှန်းချက်တွေအတွက် အရေးကြီး လိုအပ်ချက်တခုဖြစ်တဲ့ ငွေကို ဘယ်လိုရှာဖွေစုဆောင်းမယ် စတဲ့ကိစ္စတွေကို တွေးတော စဥ်းစား ကြံစည်တာဟာ အဲဒီပြုဖွယ်ကိစ္စတွေထဲမှာ ပါဝင်ပါတယ်။
ဒါပေမဲ့ အဲဒီလုပ်ငန်းစဥ်မှာ နံပါတ် ၁ က အဲဒီမိန်းကလေးရဲ့ အချစ်ကိုရော၊ ရုပ်ခန္ဓာကိုပါ သိမ်းပိုက်ရရှိနိုင်အောင် ဘယ်လိုကြိုးစားဆောင်ရွက်မလဲဆိုတာ ဖြစ်ပါတယ်။ အဲဒီကိစ္စ မအောင်မြင်ခဲ့ရင် ကျန်တဲ့ စဥ်းစားတွေးတောထားချက်တွေ အားလုံး အဟောသိကံ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်အတွက် ကြိုတင်စဥ်းစားတာဟာ လုပ်သင့်တဲ့ လုပ်ရမယ့်အလုပ် ဖြစ်ပေမဲ့ ပစ္စုပ္ပန်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မှ အနာဂတ်ကို တည်တည်ငြိမ်ငြိမ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးဆုံးက အဲဒီကာလနှစ်ခုနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ အတွေးတွေ၊ အပြောတွေ၊ အလုပ်တွေ ဟန်ချက်ညီဖို့ ဖြစ်ပါတယ်။ ဟန်ချက်ပျက်ရင် လဲကျသွားမှာ ဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ထိပ်တန်းခေါင်းဆောင်တယောက်က ပါတီရဲ့သမိုင်းကို ပြန်လည်သုံးသပ်ရာမှာ ပါတီဟာ အမှားကြီး ၄ ခု ကျူးလွန်ခဲ့တယ်၊ အဲဒီထဲကတခုက ပြည်တွင်းစစ် အစပိုင်းမှာ ရန်ကုန်ကိုသိမ်းပိုက်ဖို့ အင်းစိန်အထိ ရောက်နေပြီဖြစ်တဲ့ ကရင်တပ်ဖွဲ့တွေကို တိုက်ခိုက်ပြီး (ဖဆပလ) အစိုးရကို ဆက်လက်ရှင်သန်ခွင့် ပေးခဲ့မိတာ ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။ အဲဒီအမှားတွေကြောင့် ဗကပဟာ ပါတီပြိုကွဲတဲ့အထိ ပေးဆပ်သွားခဲ့ရပြီး ဖြစ်တယ် ဆိုတာကိုတော့ မြန်မာ့နိုင်ငံရေး လေ့လာသူအားလုံး သိကြပြီး ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ပြည်တွင်းစစ် သမိုင်းတလျှောက် တော်လှန်ရေးအဖွဲ့တွေအကြား တပ်ပေါင်းစုတွေ အကြိမ်ကြိမ် ဖွဲ့ခဲ့ပေမဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်မဖြုတ်နိုင်ခဲ့တဲ့ကိစ္စမှာ တခြားသော အကြောင်းရင်းတွေ အမှန်ပဲ ရှိခဲ့ပေမဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အာဂျင်ဒါ ရှေ့နောက်လွဲမှားမှု သို့မဟုတ် စာရွက်ပေါ်မှာတမျိုး တကယ်လုပ်တော့တမျိုး ဖြစ်ခဲ့တဲ့အချက်ကလည်း အရေးကြီးတဲ့ အကြောင်းရင်းတခု ဖြစ်ခဲ့မှာ သေချာပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်အရေးကြီးတဲ့ stakeholder အားလုံးက လေးလေးနက်နက် ပြင်းပြင်းထန်ထန် လိုလားတောင်းဆိုနေကြပေမဲ့ စကစရဲ့ ငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့ အကြီးအကဲဆိုတဲ့ ဗိုလ်ရာပြည့်က ‘တပ်မတော်အနေနဲ့ နိုင်ငံရေးထဲက ထွက်ခွာမှာမဟုတ်ဘူး’ လို့ မကြာခင်ကပဲ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ အခုထိ စစ်တပ်က အဲသလို လူမိုက်စကားပြောနေတာဟာ အထက်မှာ ဖော်ပြခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေကြားက (တချို့က သူတို့ကိုယ်တိုင်မီးမွှေး၊ ဓာတ်ဆီပက်ခဲ့တာဖြစ်တဲ့) ပြဿနာတွေကို သူတို့ကောင်းကောင်း ကြားသိနေတာကြောင့် ဖြစ်နိုင်သလို သူတို့အတွက် အရှင်ထွက်ဖို့ ဆုတ်လမ်းပိတ်သွားပြီလို့ တွေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သူတို့ ဒီစကားကို ဘာကြောင့်ပဲ ပြောသည်ဖြစ်စေ ERO တွေ၊ အခုအချိန်အထိ ခြံစည်းရိုးပေါ် ခွထိုင်နေကြဆဲဖြစ်တဲ့ EAO တွေအတွက်တော့ ရွေးစရာလမ်းက နှစ်သွယ်ပဲ ရှိပါတယ်။ တသွယ်က သမိုင်းတလျှောက် လူမျိုးပေါင်းစုံ ပြည်သူတွေကို ဒုက္ခကြီးစွာ ပေးလာခဲ့တဲ့ ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ဖယ်ရှား ရှင်းလင်းဖို့နဲ့ အဲဒီလုပ်ငန်း ပြီးမြောက်အောင်မြင်သွားပြီး နောက်မှာမှ ဒီဆောင်းပါးအစပိုင်းမှာ တိုင်းရင်းသားခေါင်းဆောင် ပြောဆိုခဲ့တဲ့အတိုင်း လုပ်ကြဖို့ ဖြစ်ပါတယ်။ အဲသလို မလုပ်နိုင်ခဲ့ကြဘူး ဆိုရင်တော့ တော်လှန်ရေးခေါင်းစဥ် တပ်ထားတဲ့ အဲဒီအဖွဲ့တွေဟာ ထောက်လှမ်းရေးဗိုလ်မှူးရဲ့ narrative ကို… ဟုတ်ပါပေတယ်… မှန်ပါပေတယ်လို့ ချီးကျူးထောမနာပြုရာ ရောက်သွားစေမယ့် အချင်းချင်း တဖွဲ့နဲ့တဖွဲ့ တိုက်ခိုက်ချေမှုန်းကြတဲ့လမ်း (တနည်း) ငါ့မြင်းငါစိုင်း၊ ငါ့လှေငါထိုး၊ ငါရငါယူ၊ ငါသိမ်းငါပိုင် ဆိုတဲ့ စစ်ဘုရင်လမ်းကို ဒီတချီမှာလည်း ရွေးချယ်ခဲ့ကြတာပါပဲလို့ သမိုင်းမှာ မှတ်တမ်းအတင်ခံကြရမှာ ဖြစ်ပါတယ်။
နှစ်ပေါင်းထောင်ချီပြီး လူမျိုးပေါင်းစုံ စုစည်းနေထိုင်ခဲ့ကြတဲ့ မြန်မာနိုင်ငံက ရောင်စဥ်ခုနစ်သွယ် ရှိတဲ့ သက်တံလို မြင်ရသူ အံ့သြနှစ်သက်သွားလောက်အောင် လှပတင့်တယ်ပါတယ်။ ဒါပေမဲ့ အဲဒီသက်တံဟာ ရောင်စဥ်တခုနဲ့တခုအကြား ကာရန်ညီ အချိုးကျနေလို့သာ ရင်သပ်ရှုမောဖွယ် လှပဆန်းကြယ် တင့်တယ်ထည်ဝါနေတာ ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ မမေ့သင့်ပါဘူး။
စည်တော်သံ