
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပိုမိုနက်ရှိုင်းကျယ်ပြန့်လာတာနဲ့အမျှ အာဆီယံအနေနဲ့ အရေးတကြီး ဆုံးဖြတ်ချက်ချရမယ့် အနေအထားမှာ ရောက်ရှိလာပါတယ်။ “ယာယီ အပစ်အခတ်ရပ်စဲရေး” ဆိုတဲ့ လှည့်ကွက်နဲ့အတူ မြန်မာစစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေဟာ ပိုမိုပြင်းထန်လာနေပါတယ်။ ဒီလိုအချိန်မှာ ဒေသတွင်းနိုင်ငံတွေအနေနဲ့ လက်ပိုက်ကြည့်နေလို့ မဖြစ်ပါဘူး။ အဲဒီ အပစ်အခတ် ရပ်စဲဖို့ ကြေညာချက်တွေဟာ တကယ့် ငြိမ်းချမ်းရေးအတွက် မဟုတ်ပါဘူး။ ပိုမိုအကြမ်းဖက်ဖို့အတွက် ဟန်ဆောင်ဖုံးကွယ်မှုသက်သက်ပါပဲ။ စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတာတွေ၊ မြေလှန်စနစ်နဲ့ မီးရှို့နေတာတွေကို ကင်းလွတ်ခွင့် ရထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်နေတုန်း ဖြစ်ပါတယ်။ နိုင်ငံတကာက တချို့အဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ လိမ်ညာပြောဆိုမှုတွေကို တိုးတက်မှုအဖြစ် ထင်ယောင်ထင်မှား မှတ်ယူနေကြပါတယ်။
အာဆီယံဟာ ရဲရင့်ပြီး လက်တွေ့ကျတဲ့ လမ်းကြောင်းသစ်တခုကို ဖော်ထုတ်ရပါလိမ့်မယ်။ ဒါဟာ စာရွက်ပေါ်က ကြေညာချက်တွေ မဖြစ်ဖို့တော့ လိုပါတယ်။ တကယ်ကို ထိရောက်တဲ့ သံတမန်ရေးနည်းလမ်းနဲ့ လုပ်ဆောင်ရမှာပါ။ ဒီလုပ်ငန်းကို ပြတ်သားပြီး မူဝါဒခိုင်မာတဲ့ စစ်ရေးအဖွဲ့ စေလွှတ်ခြင်းမျိုးနဲ့ စတင်သင့်ပါတယ်။ မလေးရှားက ဗိုလ်ချုပ်ကြီးတယောက် ဦးဆောင်ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်ရဲ့ အရာရှိတွေ ပါဝင်တဲ့ အာဆီယံ စစ်ရေးကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ဖို့ အကြံပြုလိုပါတယ်။ အဲဒီအဖွဲ့ရဲ့ တာဝန်က ဘယ်သူ့ဘက်မှ မလိုက်ဘဲ ကြားနေသူတွေအဖြစ် ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ပါပဲ။ အဲဒီစစ်ရေးအဖွဲ့ဟာ တိုက်ခိုက်ဖို့မဟုတ်ဘဲ အခြေအနေကို နားထောင်ဖို့၊ သုံးသပ်ဖို့နဲ့ ဆွေးနွေးမှုတွေ စတင်နိုင်ရန် တံခါးဖွင့်ပေးဖို့ ဖြစ်ပါတယ်။
ဒီနည်းလမ်းက ထူးဆန်းတဲ့အပြင် အငြင်းပွားအောင် ဆွပေးတယ်လို့တောင် ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်အင်အားက သမားရိုးကျမဟုတ်တဲ့ ဒီလို ချဉ်းကပ်မှုမျိုးမှာ ရှိနေတာပါ။ ဆိုလိုတာက အခုလို စစ်သားအချင်းချင်း ဆက်ဆံပြောဆိုတာကိုပဲ မြန်မာစစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေ နားလည်နိုင်လို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမားရိုးကျ သံတမန်ရေး ကမ်းလှမ်းမှုတွေကို ထီမထင်ဘူးဆိုတာ လက်တွေ့ သက်သေပြခဲ့ပြီးသားပါ။
ဒါပေမဲ့ အတွေ့အကြုံရင့်ကျက်တဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ ဝေဖန်ရှုတ်ချမယ့်အစား တူညီတဲ့ အတွေ့အကြုံတွေကနေ ပြောဆိုကြည့်မယ်ဆိုရင် အခုလိုဖြစ်နေတဲ့ အခြေအနေကို ကျော်လွှားနိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်ပါတယ်။ ဒါဟာ အလျှော့ပေးတာ မဟုတ်ပါဘူး။ ဒါဟာ မဟာဗျူဟာတခုပါ။ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ကို လက်တွေ့ကျပြီး စည်းကမ်းရှိတဲ့ ဆွေးနွေးမှုနဲ့ ချဉ်းကပ်နည်းတမျိုးပါ။
ဝမ်းနည်းစရာကောင်းတာကတော့ အာဆီယံခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ စစ်ကောင်စီရဲ့ လှည့်ကွက်တွေကို အပေါ်ယံပဲကြည့်ပြီး လက်ခံခဲ့တာပါပဲ။ တိုက်ပွဲတွေ ခဏငြိမ်သွားတာကို အပစ်အခတ်ရပ်စဲတယ်လို့ အထင်မှားနေကြသလို အပေါ်ယံ ဟန်လုပ် ပြင်ဆင်ထားတဲ့ အစည်းအဝေးတွေကိုလည်း တကယ့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလို့ ထင်နေကြပါတယ်။ ဒီလို လှည့်စားမှုမှာ ကျနော်တို့ မျက်စိလည်နေလို့ မဖြစ်ပါဘူး။ အပစ်အခတ်ရပ်စဲမှုတွေဟာ တကယ်စစ်မှန်ရပါမယ်။ စစ်ဆေးအတည်ပြုနိုင်ရပါမယ်။ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်အပေါ်မှာ အခြေခံရပါမယ်။ ဒီလိုမျိုးအချက်တွေနဲ့မှ မကိုက်ညီဘူးဆိုရင် ဆက်ဖြစ်နေတဲ့ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုရာပဲ ရောက်နေပါလိမ့်မယ်။
ဒါပေမဲ့ ဒီလို မှောင်မိုက်တဲ့ အခြေအနေတွေကြားထဲမှာတောင် ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေ ရှိနေပါသေးတယ်။ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မကြာသေးခင်က ဆက်ဆံခဲ့မှုဟာ ရဲရင့်တဲ့ သံတမန်ရေးလမ်းကြောင်း ပြောင်းလဲမှုတခုပါ။ ဒါဟာ အာဆီယံအနေနဲ့ ပြောင်းလဲနိုင်တယ် ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒတွေကို အသိအမှတ်ပြုနိုင်တယ် ဆိုတာကိုလည်း ပြသနေပါတယ်။ ဒါကြောင့် အဲဒီလို လုပ်ဆောင်ချက်မျိုးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ပါတယ်။
ဒီလို အခွင့်အရေးကနေ စပြီး စုစည်းညီညွတ်တဲ့ ဒေသတွင်း တုံ့ပြန်မှုတခု ပေါ်ပေါက်လာနိုင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ အာဆီယံ ဦးဆောင်တဲ့ စစ်ရေးအဖွဲ့ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ မြေပြင်အခြေအနေမှန်ကို သုံးသပ်ပြီး စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် လက်နက်ကိုင်အားလုံးနဲ့ ထိတွေ့ဆက်ဆံရပါမယ်။ ဒါဟာ ယုံကြည်မှုနဲ့ ပွင့်လင်းမြင်သာမှုအတွက် အခြေခံအုတ်မြစ်ကို ချပေးနိုင်ပါတယ်။ အဲဒီနောက်မှာတော့ ကုလသမဂ္ဂရဲ့ အကူအညီနဲ့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ဝန်ထမ်းတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့ဟာ အပစ်အခတ်ရပ်စဲမှုတွေကို စောင့်ကြည့်နိုင်ပါမယ်။ တင်းမာမှုတွေကို လျှော့ချလာနိုင်ပါမယ်။ ဒါနဲ့အတူ နိုင်ငံတကာရဲ့ မြန်မာ့အရေးအပေါ် လေးနက်တဲ့ သန္နိဋ္ဌာန်ကို ပြသနိုင်မှာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အကူအညီ အလိုအပ်ဆုံး နေရာတွေကို ကယ်ဆယ်ရေး ရိက္ခာ၊ ပစ္စည်းတွေ ပို့ဆောင်ပေးရပါမယ်။ ထိုင်း-မြန်မာနယ်စပ်တလျှောက် လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံလမ်းတွေကို ဖောက်လုပ်ရပါမယ်။ ဒါမှသာ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ညှိနှိုင်းရေးစင်တာ (AHA) က ဦးဆောင်ပြီး ကုလသမဂ္ဂ အေဂျင်စီတွေကလည်း ပံ့ပိုးပေးလို့ ရသွားမှာပါ။
ဒီစင်တာတွေဟာ နေရပ်စွန့်ခွာရသူတွေနဲ့ အကူအညီမဲ့နေသူတွေအတွက် အသက်ကယ်လမ်းကြောင်းတွေ ဖြစ်လာမှာပါ။ ဒါ့အပြင် ဘက်မလိုက်တဲ့၊ လိုအပ်ချက်ပေါ်မှာသာ အခြေခံတဲ့ အကူအညီပေးရေး ဗဟိုဌာနတွေလည်း ဖြစ်လာမှာပါ။
ဒီလို ဘက်ပေါင်းစုံက ကြိုးပမ်းအားထုတ်မှုတွေကို စနစ်တကျ ညှိနှိုင်းဆောင်ရွက်ရပါမယ်။ ဒီလိုလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ မလေးရှားက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ကွာလာလမ်ပူ ဒါမှမဟုတ် ဘန်ကောက်မှာ ဗဟိုဌာနအဖြစ် အခြေစိုက်သင့်ပါတယ်။ အဲဒီဗဟိုဌာနက လုပ်ငန်းတွေအပေါ် လမ်းညွှန်ပြီး ရည်ရွယ်ချက်တခုတည်း ရှိဖို့အတွက်လည်း လုပ်ဆောင်ရပါမယ်။ အာဆီယံအနေနဲ့လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာရန်ပုံငွေတွေ ရရှိဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။
အရေးအကြီးဆုံးကတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြင်ဆင်ထားရပါမယ်။ ငြိမ်းချမ်းရေးဆိုတာ အတင်းအကျပ်လုပ်ယူလို့ မရပါဘူး၊ တည်ဆောက်ယူရမှာပါ။ အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ မလေးရှားက ဦးဆောင်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးညီလာခံတခုကို ကျင်းပရပါမယ်။ ပြီးရင် စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို တွေ့ဆုံ စုစည်းရပါမယ်။ အချိန်အတော်ကြာ ချန်လှပ်ထားခံခဲ့ရတဲ့ ဒီအသံတွေဟာ ရေရှည်ခံမယ့် ဖြေရှင်းမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
ဒါပေမဲ့ ဖြစ်နိုင်ခြေရှိပြီး အလုပ်ဖြစ်တဲ့ နိုင်ငံရေးကို အနာဂတ်မှာ မြင်ယောင်နိုင်ဖို့ဆိုရင် အခြေခံ အမှန်တရားတခုကိုလည်း မဖြစ်မနေ ရင်ဆိုင်ရပါမယ်။ အဲဒါကတော့ မြန်မာနိုင်ငံဟာ ဘယ်တုန်းကမှ မညီညွတ်ခဲ့ဘူး ဆိုတဲ့အချက်ပါပဲ။ မြန်မာနိုင်ငံဆိုတာ မတူကွဲပြားတဲ့ လူမျိုးတွေ၊ ယဉ်ကျေးမှုတွေနဲ့ သမိုင်းကြောင်းတွေ ပေါင်းစပ်ထားပြီး မကြာခဏဆိုသလို ပဋိပက္ခတွေ ဖြစ်နေကြတဲ့ ရုပ်ပုံကားတခုပါ။ တခုတည်းသော ဗဟိုချုပ်ကိုင်တဲ့ “မြန်မာနိုင်ငံတော်” ဆိုတဲ့ အယူအဆဟာ အမှန်တရားထက် စိတ်ကူးယဉ်ဆန်ခဲ့တာ ပိုများပါတယ်။ ဒါကြောင့် မြန်မာအကျပ်အတည်းအတွက် ရေရှည်တည်မြဲတဲ့ ဖြေရှင်းနည်းကို လိုချင်ရင် ဖက်ဒရယ်စနစ်ကို ထွေးပွေ့လက်ခံရပါမယ်။ ဒါဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် မူဘောင်တခုကို ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။
ဒီအချိန်ဟာ အာဆီယံအနေနဲ့ အလေးအနက်ထား စဉ်းစားရမယ့် အချိန်အခါပါပဲ။ မြန်မာနိုင်ငံဟာ ပဋိပက္ခနွံထဲ ပိုပြီး နစ်မြုပ်သွားတာကိုပဲ လက်ပိုက်ကြည့်နေမလား။ ဒါမှမဟုတ် အတတ်နိုင်ဆုံး ပြတ်ပြတ်သားသားနဲ့ မျှတမှုရှိရှိ လုပ်ဆောင်မလား။ မြန်မာပြည်သူတွေဟာ မဖြစ်နိုင်တဲ့ အရာတွေကို တောင်းဆိုနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဒုက္ခတွေကို ကမ္ဘာက မြင်စေချင်တာပါ။ သူတို့ရဲ့ ဂုဏ်သိက္ခာကို အသိအမှတ် ပြုစေချင်တာပါ။ ငြိမ်းချမ်းရေးအတွက် သူတို့ရဲ့ ရုန်းကန်မှုကို ထောက်ခံစေချင်တာပါ။ အာဆီယံမှာ မြန်မာ့အရေးကိုကူညီဖို့ နည်းလမ်းတွေ ရှိနေပါသေးတယ်။ လုပ်ချင်တဲ့ စိတ်ဆန္ဒရှိတယ် ဆိုရင်ပေါ့။
ကဆစ်ဖိရုမ်း
ကဆစ်ဖိရုမ်း (Kasit Piromya) သည် ထိုင်းနိုင်ငံ၏ ယခင် နိုင်ငံခြားရေးဝန်ကြီးနှင့် အရှေ့တောင်အာရှ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) ၏ အဖွဲ့ဝင်တဦး ဖြစ်သည်။
(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာဝက်ဘ်ဆိုက်တွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya ရေးသားထားသည့် “On the path to peace in Myanmar” အတွေးအမြင်ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)