
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့၊ သရက်ပုကျေးရွာအနီး၊ ဟဲဟိုး-တောင်လေးလုံးသွား လမ်းပေါ်မှာ ယာဉ်မောင်းကိုပစ်သတ်ပြီး ကားလုယူမှု ဖြစ်ပွားခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ဇွန် ၂၄ ရက် နေ့လယ် ၂ နာရီမှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ အေးသာယာမြို့၊ အကွက်ကြီး ၅၊ မြို့သစ်ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် လျှံမင်းသန့် ဖြစ်တယ်လို့ ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကားကလည်း ကားအကောင်းစား၊ လင်ခရူဆာကား၊ ကားလုသွားတဲ့သူက ၄ ယောက်ပါတယ်။ သေဆုံးသွားတဲ့သူ ခန္ဓာကိုယ်ပေါ်မှာ သေနတ် ၆ ချက် ထိထားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ လျှံမင်းသန့်ဟာ ဇွန် ၂၄ ရက် မနက်က အောင်ပန်းကို ကားပစ္စည်းတွေသွားဝယ်ပြီး ပြန်လာနေချိန် လမ်းပေါ်မှာ အခုလို ကားလုပြီး ပစ်သတ်ခံရတာလို့ ပြောပါတယ်။
ဇွန် ၂၅ ရက်မှာတော့ အဲဒီ လင်ခရူဆာကားကို ပင်လောင်းမြို့နယ်၊ တီကျစ်မြို့မှာ ပြန်လည်တွေ့ရှိခဲ့ပေမဲ့ ကျူးလွန်သူတွေကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။