
ပြီးခဲ့တဲ့ သီတင်းပတ်တွေကစလို့ အမေရိကန် ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးတွေ တက်လာခဲ့တဲ့နောက်မှာ စစ်ကောင်စီ ဗဟိုဘဏ်ဟာ စက်သုံးဆီတင်သွင်းသူတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ထုတ်ရောင်းမယ်လို့ ထပ်မံကြေညာလာပါတယ်။
ဒီလိုကြေညာချက်မျိုးကို ဗဟိုဘဏ်က မကြာခဏ ထုတ်ပြန်လေ့ရှိပြီး နိုင်ငံခြားငွေလဲနှုန်းနဲ့ စက်သုံးဆီ ဈေးကို ထိန်းချုပ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ အခုလအတွင်း အမေရိကန်ဒေါ်လာ ထုတ်ရောင်းမယ့် ကြေညာချက် ၄ ကြိမ်ထုတ်ပြန်ခဲ့ပြီး ဒီတကြိမ်နဲ့ဆိုရင် ထုတ်ရောင်းမယ့် ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ ရှိနေပါပြီ။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အခုလို နိုင်ငံခြားငွေတွေ ထုတ်ရောင်းပြီး လောင်စာဆီဈေးကို ထိန်းဖို့ ကြိုးစားပေမဲ့ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနဲ့ စင်ကာပူ MOPS ဈေး တက်လာတာကြောင့် ပြည်တွင်းလောင်စာဈေးလည်း နှစ်ပတ်ဆက်တိုက် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင်တစ်လီတာကို အနည်းဆုံး ၉၀ ကျပ် ကနေ အများဆုံး ၁၁၅ ကျပ်အထိ မြင့်တက်လာတွေ့ရပါတယ်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ထုတ်ပြန်ချက်အရ အခုအပတ်ဈေးနှုန်းတွေက ၉၂ ဓာတ်ဆီ ၁ လီတာကို ၂,၉၆၀ ကျပ်၊ ၉၅ ဓာတ်ဆီ က ၃,၀၃၀ ကျပ်၊ဒီဇယ်က ၂,၅၀၀ ကျပ်နဲ့ ပရီမီယံဒီဇယ်က ၃,၁၀၀ ကျပ် ဖြစ်ပါတယ်။
တဖက်မှာလည်း မြန်မာကျပ်နဲ့ ဒေါ်လာအကြား လဲလှယ်နှုန်းက မေလနှောင်းပိုင်းကစကာ တက်ရိပ်ပြခဲ့ပြီး ဇွန် ၂၄ ရက်မှာ တဒေါ်လာကို ၄,၅၈၀ ကျပ်အထိ မြင့်တက်ရောက်ရှိနေပါတယ်။