
အစ္စရေးရဲ့ ပိတ်ဆို့မှုကြောင့် ဂါဇာဒေသက လုပ်ငန်းလည်ပတ်မှုတွေကို ၇ ပတ်နီးပါးကြာ ရပ်ဆိုင်းခဲ့ရပြီးနောက် World Central Kitchen (WCK) အဖွဲ့ဟာ အစားအစာတွေ ပြန်ချက်ပေးနိုင်ပြီလို့ အတည်ပြုပါတယ်။
စနေနေ့တုန်းကဆိုရင် အယောက် ၁၀,၀၀၀ စာနီးပါး အစားအစားတွေကို ပြင်ဆင်ပေးနိုင်ခဲ့တယ်လို့ WCK အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါက သီတင်း ၁၂ ပတ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဂါဇာမှာရှိနေတဲ့ WCK အဖွဲ့ဆီကို လိုအပ်တဲ့အကူအညီတွေ တဖန်ပေးပို့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အကူအညီပေးပို့ခွင့် ပိတ်ဆို့ရတာဟာ ဟားမတ်စ်အဖွဲ့ဘက်က လက်နက်တွေခိုးသယ်တာ ဒါမှမဟုတ် အကူအညီပေးရေးပစ္စည်းတွေကို လမ်းကြောင်းပြောင်းယူမရအောင် တားဆီးနိုင်ဖို့ ဖြစ်တယ်လို့ အစ္စရေး တာဝန်ရှိသူတွေအနေနဲ့ တုံ့ပြန်ထားပါတယ်။
ဒါပေမဲ့လည်း ကုလသမဂ္ဂ အပါအဝင် တခြားနိုင်ငံတကာအဖွဲ့တွေကတော့ အစ္စရေးဟာ သူ့ပြောဆိုချက်အတိုင်း သက်သေမပြနိုင်တဲ့အပြင် စုပြုံပြီး အပြစ်ပေးတဲ့ပုံစံမျိုးပါ ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
အစ္စရေးကန့်သတ်ချက်ကြောင့် ဂါဇာရဲ့ အငတ်ဘေးပြဿနာ ပိုပြီးဆိုးရွားလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
၃ လနီးပါး ကြာမြင့်ခဲ့တဲ့ အစ္စရေးရဲ့ ပိတ်ဆို့ချက်အရ မေ ၇ ရက်နေ့ အရောက်မှာ WCK အဖွဲ့ရဲ့ လုပ်ငန်းလည်ပတ်မှု လုံးဝရပ်ဆိုင်းခဲ့ရပါတယ်။
လက်ရှိ ဂါဇာမှာလည်ပတ်နေတဲ့ အစ္စရေးနဲ့ အမေရိကန်နောက်ခံပြု “လူသားချင်းစာနာမှုဖောင်ဒေးရှင်း” က အကူအညီဖြန့်ဝေမှုအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သလို စားနပ်ရိက္ခာထုပ်ရဖို့ ကြိုးစားခဲ့ကြတဲ့ ပါလက်စတိုင်း အများအပြားလည်း သေဆုံးခဲ့ရပါတယ်။
လွန်ခဲ့တဲ့နှစ်မှာ အစ္စရေးက အကူအညီပေးရေး ယာဉ်တန်းကိုလည်း တိုက်ခိုက်ခဲ့ပြီး WCK အဖွဲ့ဝင် ၇ ယောက်အထိ သေဆုံးခဲ့တဲ့အလျောက် တလနီးပါးကြာ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ထားခဲ့ရပါတယ်။
၂၀၂၃ အောက်တိုဘာလကစပြီး WCK ဟာ ဂါဇာဒေသခံအယောက် ၁၃၃ သန်းစာအတွက် ချက်ပြုတ်ဝေငှပေးနိုင်ခဲ့တဲ့အပြင် နာမည်ကြီးစားဖိုမှူး ဟိုဆေး အန်ဒရေးစ် တည်ထောင်ထားတဲ့ အဖွဲ့တခုအနေနဲ့ပါ လူသိများပါတယ်။
ဂါဇာ မုန့်ဖုတ်သမားများသမဂ္ဂရဲ့ အကြီးအကဲဖြစ်သူကတော့ ကုလပံ့ပိုးပေးထားတဲ့ မီးဖိုဆောင်တွေကို ပြန်မလည်ပတ်နိုင်ကြောင်း အသိပေး ပြောဆိုပါတယ်။
Source: Reuters










