
ရာသီဥတုကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေလိုပင်၊ ရှစ်ခွင်တိုင်း မှိုင်းညို့ကာနေသည်။ မိုးကလည်း သဲကြီးမဲကြီးနှင့် အခု တမိုး၊ တော်နေကြာ တမိုး။ ယခုထက်တိုင်ပင် မပြီးနိုင် မစီးနိုင်။ နေရောင်ကို မြင်ချင်သည်။ နေရောင်ကို မမြင်ရ။ ပျောက်တိပျောက်ကျားပင် မတွေ့ရ။ လေပြင်းလေထန်များသာ ရောက်ရှိလာသည်။ မိုးခဏတိတ်တုန်း လေလာသည်။ လေချပြီးနောက် တဖန် မိုးရွာသည်။ တခါတလေဆို လေရောမိုးပါ ချသည်။ ထိုအခါများတွင် ကျောကော့အောင် ခံပေတော့။ အပေါ်က ဗြုန်းဗြုန်းဗြောင်းဗြောင်း၊ ဘေးဘယ်ညာတဝိုက်က တရှဲရှဲ။ ပတ်ဝန်းကျင်တခွင်လုံး ယိမ်းထိုးလှုပ်ခါ ဖြစ်နေသယောင် ထင်ရပေသည်။
“မြို့ပြလို့ ပြောလည်းပဲ.... အမှန်တကယ်တမ်းတော့၊ တောနက်ကြီးတစ်ခုလိုပါပဲ....”
‘အမဲလိုက်အက’ သီချင်းကို သတိရမိနေသည်။ ကမ္ဘာဟာ ရွာကြီးတရွာ ဖြစ်လာတာ၊ လူ့ယဥ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာတာ စတဲ့ဟောပြောချက်များက ရှေးအတိတ်များဆီက ဟုတ်ချင် ဟုတ်မည်။ ဟုတ်ချင်မှလည်း ဟုတ်မည်။ သို့သော် ယနေ့အချိန်အခါမှာတော့ သားရဲများသည် နံနက်ခင်း ရောက်ပြီဆိုသည်နှင့် သားကောင်ဖမ်းရန် သားရဲတွင်းမှ ထွက်လာကြသည်။ ထိုနည်းတူ မြို့ပြများတွင်လည်း နံနက်ခင်းရောက်ပြီဆိုသည်နှင့် တောင်းရမ်းသူများထက် ဆိုးရွားသည့် စစ်ကျွန်များက လက်နက်ကိုယ်စီနှင့် လမ်းမများပေါ် ထွက်လာကြသည်။ မကြာခင်မှာပင် ‘မြို့သူမြို့သားများ ဖမ်းဆီး၊ တောင်းရမ်းရေး’ ဆိုသည့် နှိပ်စက်မှု စီမံချက်ကြီး စတင်ပါတော့သည်။
၅ ယောက် ပေါင်း၍ ပင် ၁၀ တန်းတောင် ရောက်ဖူးရန် မသေချာသူများက ပြည်သူကို စစ်သည်။ ပါးစပ်က “ဥပဒေအတိုင်း လုပ်တာ”ဟုလည်း ပြောကြသေးသည်။ Law ကိုပင် အင်္ဂလိပ်လို ပေါင်းတတ်ရန် မသေချာသည့် လူတချို့က ‘ဥပဒေ’ စကား တွင်တွင်ပြောကာ ပြည်သူ့ဆိုင်ကယ်များကို ဖမ်းကြသည်။
ဆိုင်ကယ်လိုင်စင် မပါလျှင် ဖမ်းသည်။ ဆိုင်ကယ်လိုင်စင် ပါပြန်တော့လည်း လူလိုင်စင်မရှိလို့ ဆိုပြီး ဖမ်းသည်။ လူရော၊ ဆိုင်ကယ်လိုင်စင်ပါ ရှိပြန်တော့ ဆိုင်ကယ်ဦးထုပ်မပါလို့ ဆိုပြီး အကြောင်းပြသည်။ လူ၊ ဆိုင်ကယ်၊ ဦးထုပ်ပါပြန်တော့ ဆိုင်ကယ်ဦးထုပ် မေးသိုင်းကြိုးမတပ်လို့ ဆိုပြီး ဖမ်းသည်။ မေးသိုင်းကြိုးတပ်တော့လည်း ဆိုင်ကယ် back မှန် မပါလို့ဆိုပြီး ဖမ်းသည်။ ဆိုင်ကယ် back မှန် ပါပြန်တော့လည်း ဆိုင်ကယ်လေလျော့လို့ ဆိုပြီး ဖမ်းသည်။ ဆိုင်ကယ်သိမ်းသည်။ လူသိမ်းသည်။ ငွေတောင်းသည်။ အချုပ်ချသည်။ ကလေးမအေတွေပါ မချန် ထောင်ချသည်။ ဒါဟာ သမားရိုးကျပဲလေ။ ဘာတွေ မှားနေလို့လဲဟု မေးခွန်းထုတ်ချင် ထုတ်လို့ ရပါသည်။
ဥပဒေ ဆိုတာ ထိုကဲ့သို့ မဟုတ်။ ဥပဒေ၏ ရည်ရွယ်ချက်ကား ထိုသို့မဟုတ်။ ပြည်သူကို သူတို့ပါးစပ်ထဲကအတိုင်း ထင်ရာစိုင်း ပြုမူဆောင်ရွက်နေတာတွေကို ဥပဒေလို့ ခေါ်လို့ရမည် မဟုတ်။ ဥပဒေ ဆိုတာ ပြည်သူကို အကာကွယ်ပေးရမည်။ လူ့အဖွဲ့အစည်း တည်ငြိမ်အောင်၊ မျှတအောင်လုပ်ပေးရမည်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဥပဒေ၏ ရည်ရွယ်ချက်မှာလည်း အများပြည်သူကို ဘေးအန္တရာယ်မဖြစ်အောင်ကာကွယ်ဖို့နဲ့ အသွားအလာလုပ်ငန်းများ လွယ်ကူချောမွေ့အောင် လုပ်ဆောင်နိုင်စေရန်ဖြစ်သည်။ ချိုးဖောက်သူများကို ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်ရမည်ဖြစ်သော်လည်း ခြိမ်းခြောက်အနိုင်ကျင့်တာမျိုး၊ ကြောက်လန့်သွား အောင်လုပ်တာမျိုး မပြုလုပ်ရပါ။ ယခု စစ်ကျွန်တွေ လုပ်နေပုံက ဆိုင်ကယ်ဦးထုပ် မပါတာကိုပင် နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ထားသူဖြစ်အောင် ခြိမ်းခြောက် ဖိနှိပ်နေခြင်းဖြစ်သည်။ နောက်ပြီး ဥပဒေအတိုင်း လုပ်နေသည် ဆိုသည့် စစ်ကျွန်များကိုယ်တိုင် ဥပဒေကို လိုက်နာမှုမရှိတာ တိုင်းသိ၊ ပြည်သိ ကမ္ဘာသိ။ ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်မည့်သူများက ဥပဒေကို ခြွင်းချက်မရှိလေးစားလိုက်နာကြရသည်။ ယခုတော့ သူတို့ အဖွဲ့ စစ်ကောင်စီကိုယ်တိုင်ပင် ဥပဒေရဲ့ မိခင်ဟု တင်စားခေါ်ဝေါ်ကြသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ပြောင်ပြောင်တင်းတင်း ချိုးဖောက် ထားသူတွေဖြစ်သည်။
သည်လိုနှင့် လူအချို့ စက်ဘီးပြောင်းစီးလာကြရသည်။ လျှပ်စစ်ကား၊ AI ကား စသဖြင့် သူများ နိုင်ငံများတွင် တီထွင်ဆန်းသစ်လာကြချိန် မြန်မာပြည်မှာတော့ စက်ဘီးခေတ် ပြန်ရောက်သွားသည်။ ဒါတောင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ဆိုကာ မျက်နှာပြောင်တိုက်ပြောကြ သေးသည်။
ထိုကဲ့သို့ စက်ဘီးပြောင်းစီးလိုက်ရုံဖြင့် လွတ်ကင်းသွားပြီမထင်လိုက်နှင့်။ စစ်ကျွန်တို့က ချမ်းသာမပေး။ စက်ဘီးသမားကိုလည်း အကြောင်းအမျိုးမျိုးဖြင့် မရမကဖမ်းသည်။ “ဟ...စက်ဘီးကိုဘာသွားဖမ်းမှာတုန်း၊ စက်ဘီးမှာဘာဖမ်းစရာရှိလို့တုန်း"ဟု မထင်လိုက်ပါနှင့်။ စစ်ကျွန်များက မရ ရအောင် ဖမ်းပါသည်။ ဖမ်းလည်းဖမ်းတတ်ပါသည်။ စက်ဘီးတွင် bell ဟုခေါ်ကြသည့် ဂလိုင်ပါရမည်တဲ့။ ဒါတင်ပဲလား။ ဒါ့အပြင် ရှေ့မီး၊ နောက်မီး ပါရမည်တဲ့။ မပါရင်ဖမ်းမည်။ တောင်းမည်။ ရှေ့မီး၊ နောက်မီးပါရင်ရော ရပြီလား။ မရသေးပါ။ စက်ဘီးစီးဦးထုပ် ဆောင်းသင့်ရင် ဆောင်းရမည်တဲ့။ ဒါဆိုရင်အကုန်ပြည့်စုံပြီလား။ နေပါဦး...ကျန်သေးသည်။ စက်ဘီးလေလျော့ရင်လည်း တောင်းစားဦးမှာတဲ့။ ဘာများတတ်နိုင် သေးသလဲ။ နောက်ဆို စက်ဘီးလိုင်စင်တွေ တောင်ပေါ်ချင်ပေါ်လာနိုင်သည်။" ခြေလျှင်သွားကြတာပဲကောင်းပါတယ်ကွာ။ ဘယ်သူတောင်းစားမှ မဖမ်းရဲတော့ဘူး။"
ဒါလည်း ရာနှုန်းပြည့်တော့ မသေချာ။ တချို့သတင်းတွေအရ လမ်းလျှောက်လည်း မထင်ရင် မထင်သလို စစ်ချင်၊ ဖမ်းချင်သေးသည်။ မိန်းမကြီးတယောက်ကို အတွင်းခံ အင်္ကျီမပါဟု ဆိုကာ ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ရိုက်သည့် သတင်းကို ကာယကံရှင်ကိုယ်တိုင် ပြောပြထားသည်။ ဖြစ်နိုင်ခြေရှိမရှိ ဆိုတာ စစ်မိစ္ဆာလက်ထက်တွင် မရှိ။ အာဏာစွန့်တာကလွဲရင် သူတို့မှာ မလုပ်ရဲတာ ဘာမှမရှိ။ မြန်မာပြည်ကြီးဘယ်လောက်လွတ်လပ်သလဲဆိုလျှင် အဲ့တာသာ ကြည့်လိုက်ပါတော့။ မြို့သူမြို့သားများခမျာ မိုးရွာရင် စိတ်သက်သာရာရသည်။ မိုးပိုသည်းလျှင် ပိုပြီး စိတ်သက်သာရာရသည်။ စစ်ကျွန်များမြို့ထဲထွက် တောင်းရမ်းဖမ်းဆီးမှုမှ တခဏ ရပ်နားသွားသောကြော င့်ဖြစ်သည်။
သို့သော် ညတိုင်ရောက်လျှင်တော့ တခါထပ်ကြောက်ရသည်။ တနေကုန် တနေခမ်း တောင်းရမ်း ငတ်ကြီးကျသောအဖွဲ့များ၏ အန္တရာယ်ပြီးသွားသည့်နောက် ပြန်ပေးဆွဲ စစ်မိစ္ဆာတွေရန်ကို ညကျ တခါထပ်ကြုံရသည်။ ညတိုင်ကျ မိစ္ဆာများကိုကြောက်၊ နေ့ကျ တောင်းရမ်းသူ စစ်ကျွန်များကိုကြောက်။ နေ့ကြောက်ညကြောက်နှင့် ကျန်ောတို့တတွေ ကြောက်ခေတ်ကို ရောက်နေကြသည်။ ကြောက်ခေတ်ကို မှောက်ပစ်ကြမယ့်သူတွေကို ကြောက်သူကြောက်သားများ မျှော်လင့်မိပါသည်။
ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် ကြောက်ခေတ်ကို အပြီးတိုင်ဖယ်ရှားတော့မည့် "အထွေထွေထိုးစစ်ကြီးလာတော့မယ်"ဟု လွန်ခဲ့သည့်လပိုင်းက ပြောထားပြန်သည်။ ဒေါက်တာဇော်ဝေစိုး၊ ကိုမင်းကိုနိုင်တို့ကပါ "အထွေထွေ ထိုးစစ်ကြီးလာတော့မယ်"ဟု ထပ်လောင်း အတည်ပြုထားကြပြန်သည်။ ၂၀၂၅ ခုနှစ်တွင် ကြီးမားသည့် အလှည့်အပြောင်းများ လာတော့မည်ဟုလည်း အခြားသောတာဝန်ရှိသူများက ပြောဆိုထားကြပြန်သည်။ ကြောက်သူ၊ ကြောက်သားတွေမှာ “ကြာတော့သည်လည်း ရှင်တို့စကား"ဆိုပြီး တချို့က ထင်မြင်လာကြသည် ဒါကလည်း အကြောင်းမဲ့တော့မဟုတ်။ ၂၀၂၂ မှာအောင်ပွဲခံမယ်တို့၊ စစ်ခွေးနိဂုံး ၂၀၂၃ တို့ကို ကြုံတွေခဲ့ရသောကြောင့်ဖြစ်သည်။ အခုလည်း ၂၀၂၅ နှစ်ဝက်ကိုပင်ရောက်ရှိလာပြီဖြစ်ပြီး အထွေထွေထိုးစစ်ဆိုသည်ကို ယနေ့တိုင်မတွေ့ရသေးသည်က အမှန်ပင်။
ကရင်တပ်ဖွဲ့များ ထိုင်းနယ်စပ် တကြောတွင် အရှိန်မြင့်ထိုးစစ်ဆင် နေကသည်မှာ မှန်သော်လည်း "KNUတဖွဲ့တည်းရှိတာမှမဟုတ်၊ မာဖီးယားဂိုဏ်းဆန်ဆန် စောချစ်သူတို့အဖွဲ့ကရှိသေးတယ်လေ၊ သူတို့ကို ကျော်မရဘူး။ သူတို့ ကရင်ပြည်နယ်တောင် လွတ်မြောက်အောင်လုပ်ဖို့ ခဲယဉ်းနေတာ "ဆိုပြီး တချို့ကလည်းဝေဖန်နေကြသည်။
ဒီကြားထဲ ကချင်ကိုလည်း တရုတ်ကနယ်စပ်မှာတိုက်ပွဲတွေ မဖြစ်ဖို့ ဖိအားပေနေသည်။ ကချင် ဘက်က စစ်သတင်းများလည်း ငြိမ်နေပြန်သည်။ TNLA ကလည်းသူ့နယ်မြေတချို့ ကနေ PDF တွေကိုဆုတ်ခွာခိုင်းသည့် သတင်းများလည်းထွက်လာခဲ့သည်။ PDFရဲဘော်များပါ အသက်နှင့် ရင်းပြီးတိုက်ယူထားသည့် နယ်မြေအချို့ကိုတရုတ်ဖိအားကြောင့် စစ် (-) တပ်ဆီပြန်ပေးတော့ မည်ဆိုသည့် သတင်းအချို့လည်းကြားရသည်။ လားရှိုးမြို့ကို စစ်ကောင်စီထံပေးခဲ့သည့် ကိုးကန့်တပ်ကလည်း လားရှိုးဖြင့်ပင် အားမရသေးဘဲ သိန္ဓီကိုပါပြန်ပေးတော့မည်ဟုပင် သတင်းထွက်နေပြန်သည်။ လားရှိုးတမြို့တည်းနဲ့တင် မြို့သူမြို့သားတွေရော တော်လှန်ရေး အင်အားစုများပါ အတော်လေး နစ်နာခဲ့ရပြီး ယခုဆိုလျှင် စစ်ရေးအင်အားဖြည့်တင်းမှုများကိုပင် လားရှိုးတွင် သိသိသာသာလုပ်ဆောင်လုပ်နေပြီ ဖြစ်သည်။
တိုင်းပြည်ကသာ ဆီးစေ့လောက်ရှိသော်လည်း မညီညွတ်ပုံများက ကမ္ဘာတွင်ပါသည်။ မြန်မာပြည်၏ မညီညွတ်မှုကိုပင် သွေးနှင့် ချွေးနှင့် ရေးခဲ့လေသလား အောက်မေ့ရမိသည်။ အညာတွင်လည်း ဆရာတွေကများနေသည်။ သူ့နယ်ငါ့နယ် ပိုင်းခြားရင်း နယ်စားပယ်စားအဆင့်ကို တချို့ရောက်လာကြသည်။
စစ်အင်အားတောင့်လာသည့် တိုင်းရင်းသားအုပ်စုများကလည်း ‘ဝ’ ကိုအားကျပြီး ကွန်ဖက်ဒရိတ် လုပ်မည်၊ နိုင်ငံထူထောင်မည်ဆိုကာ လက်ခမောင်းခတ် ကြပြန်သည်။ ဖက်ဒရယ် ဖက်ဒရယ် ဆိုသူအချို့ကလည်း ဗမာ(မြန်မာ)တွေကိုယ်တိုင်ပင် မသိလိုက်သော ဗမာလူမျိုးကြီးဝါဒ ဆိုတာကို ရှေ့တွင်တိုးတိုး နောက်တွင်ကျယ်ကျယ် ပြောကာ အမှတ်ယူဖို့ကြိုးစားနေကြပြန်သည်။
ကမ္ဘာကြီးက ရွာတရွာ ဖြစ်လာသော်လည်း ခါးကြား သေနတ်ထိုးထားသည့် သူကြီး၊ ကောင်းမှု မကောင်းမှု အကုန်လုပ်သည့် ရွာသူဌေးတို့ ကြီးစိုးသည့် ရွာတရွာသာ ဖြစ်ပေလိမ့်မည်။ လူ့ယဥ်ကျေးမှု ပိုမြင့်လာပြီဆိုတာကလည်း ရုပ်ဝတ္ထုပစ္စည်းတခုတည်းကိုသာ ရည်ညွှန်းရမလို ဖြစ်နေပါသည်။ စိတ်ဓာတ်ပိုင်းအရကတော့၊ ကျင့်ဝတ်ပိုင်းအရကတော့ "Might is Law" ဟူသည့် တောရိုင်းခေတ်အဆင့်ထက်ပိုမလာသေးကြောင်း ထင်မြင်ယူဆမိပါသည်။