
ဒေါ်နယ်ထရမ့်ပ်အစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေကို သူတို့မိခင်နိုင်ငံမဟုတ်တဲ့ တတိယနိုင်ငံဆီ နှင်ထုတ်တာကို ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ အမေရိကန်တရားရုံးချုပ်ကနေ ခွင့်ပြုပေးလိုက်ပါတယ်။
ဒီအမှုမှာ တောင်ဆူဒန်နိုင်ငံကို ထွက်ခွာသွားတဲ့ လေယာဉ်ပေါ် တင်ပေးခံလိုက်ရတဲ့ မြန်မာ၊ တောင်ဆူဒန်၊ ကျူးဘား၊ မက္ကဆီကို၊ လာအိုနဲ့ ဗီယက်နမ်က ရွှေ့ပြောင်း ၈ ယောက်ကိစ္စ ပါဝင်ပါတယ်။
ထရမ့်ပ်အစိုးရကတော့ သူတို့တွေဟာ အဆိုးတကာ့အဆိုးဆုံးတွေလို့ မှတ်ချက်ချပါတယ်။ တရားရုံးချုပ် တရားသူကြီး ၉ ယောက်မှာ ၆ ယောက်က ထရမ့်ပ်အစိုးရဘက်က ရပ်တည်ခဲ့ပြီး ၃ ယောက်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
ရွှေ့ပြောင်းတွေကို တတိယနိုင်ငံကို နှင်ထုတ်မယ်ဆိုရင် သူတို့ ဘယ်လိုအန္တရာယ် ကြုံရနိုင်တယ်ဆိုတာ တာဝန်ရှိသူတွေကို ပြောပြနိုင်ဖို့ အဓိပ္ပာယ်ရှိတဲ့ အခွင့်အလမ်း ပေးအပ်ရမယ်လို့ အောက်ရုံးဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
ကန့်ကွက်ခဲ့တဲ့ လစ်ဘရယ်တရားသူကြီး ၃ ယောက်ကတော့ ဒီဆုံးဖြတ်ချက်ဟာ “ဥပဒေမဲ့မှုအပေါ် ဆုချီးမြှင့်ရာရောက်တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အမိမြေလုံခြုံရေးဝန်ကြီးဌာနကတော့ ဒီစီရင်ချက်ဟာ အမေရိကန်ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အောင်ပွဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီရွှေ့ပြောင်း ၈ ယောက်ဟာ လူသတ်၊ မီးရှို့၊ လက်နက်ကိုင်လုယက်တာလိုမျိုး ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ထရမ့်ပ်အစိုးရက ပြောပေမဲ့ ရွှေ့ပြောင်းတွေရဲ့ ရှေ့နေတွေကတော့ အများစုဟာ ရာဇဝတ်မှု ကျူးလွန်ထားတာ မရှိဘူးလို့ ဆိုပါတယ်။
Source: Reuters