
ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် အမေဇုန်ကုမ္ပဏီ သူဌေးကြီး ဂျက်ဖ်ဘီးဇော့ဖ်နဲ့ စေ့စပ်ထားတဲ့ ဂျာနယ်လစ် လောရင်းဆန်းချက်ဇ်တို့ရဲ့ “ရာစုနှစ်အတွင်း အကြီးကျယ်ဆုံး မင်္ဂလာပွဲ” ကို ကမ္ဘာမှာ အလှဆုံး ရေပေါ်မြို့အဖြစ် ထင်ရှားတဲ့ ဗင်းနစ်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မင်္ဂလာပွဲကျင်းပမယ့် နေရာနဲ့ ရက်ကိုတော့ အတိအကျ မသိရသေးပေမဲ့ ဇွန် ၂၄ ရက်နဲ့ ၂၉ ရက်ကြား ဖြစ်နိုင်ပြီး ၃ ရက်ကနေ ၆ ရက်အထိ ကြာမြင့်နိုင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ဒေးလီးမေးလ် သတင်းစာရဲ့ ဖော်ပြချက်မှာတော့ ၂၇ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး ဆန်ဂျော်ဂျီယိုကျွန်းတကျွန်းလုံး ၆ ရက်ငှားထားတယ်လို့ ဆိုပါတယ်။
၁၆ ရာစု ချာ့ချ်ကျောင်းကြီးကြောင့် ထင်ရှားတဲ့ ဒီကျွန်းကို ပြင်ပဧည့်သည်ဝင်ရောက်ခွင့်ပါ ပိတ်ပြီးတော့ ကျင်းပမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဘီးဇော့ဖ်ရဲ့ ဒေါ်လာ သန်း ၅၀၀ တန် ဇိမ်ခံရွက်လှေကိုလည်း ကျွန်းမှာ ဆိုက်ကပ်ထားပြီး ရွက်လှေပေါ်မှာလည်း ပွဲတွေကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။
ဘီးဇော့ဖ်ဟာ ဆန်းချက်ဇ်နဲ့ ၂၀၁၉ ကတည်းက လူသိရှင်ကြားတွဲခဲ့တာဖြစ်ပြီး ၂၀၂၃ မှာ စေ့စပ်ခဲ့ပါတယ်။
ဘီးဇော့ဖ်ဟာ ၂၅ နှစ် ပေါင်းသင်းလာတဲ့ ဇနီးသည် မက်ကင်ဇီစကော့တ်ကို ၂၀၁၉ မှာ ဒေါ်လာ ၃၈ ဘီလီယံ တန်ကြေးရှိတဲ့ အမေဇုန် စတော့ရှယ်ယာတွေ ပေးပြီး ကွာရှင်းပြတ်စဲခဲ့တာ ဖြစ်တဲ့အတွက် သမိုင်းမှာ တန်ဖိုးအကြီးဆုံး ကွာရှင်းမှုအဖြစ်ပါ မှတ်တမ်းဝင်ပါတယ်။ ဆန်းချက်ဇ်ဟာလည်း ခင်ပွန်းသည် ပက်ထရစ် ဝှိုက်ဆဲလ်နဲ့ ကွာရှင်းထားသူ ဖြစ်ပါတယ်။
Source: Reuters