
ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့နယ်အတွင်းက ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ KNDF တပ်ရင်း ၁၂ က ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၂ ရက် ညနေ ၅ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့ လွိုင်လင်လေးအခြေစိုက် ခလရ ၅၃၀ တပ်ကနေ ၆၀ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်လာတယ်လို့ သိရပါတယ်။
KNDF ပြန်ကြားရေး တာဝန်ခံက “ဟုတ်ပါတယ်။ တိုက်ပွဲမရှိဘဲ စကစ လျှောက်ပစ်တာပါ။ ထိတာက ဒေသခံပါဗျ” လို့ ပြောပါတယ်။
လက်နက်ကြီးက လွိုင်လင်လေးမြို့နယ် အရှေ့ဘက်က ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၃၆ နှစ်အရွယ် အမျိုးသမီး ၁ ယောက်၊ အသက် ၁၉ နှစ်အရွယ် မိန်းကလေး ၁ ယောက်၊ အသက် ၁၈ နှစ်နဲ့ ၁၄ နှစ်အရွယ် ယောကျ်ားလေး ၂ ယောက် စုစုပေါင်း ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၂၂ ရက်နေ့ ညနေမှာလည်း ဒီးမော့ဆိုမြို့နယ် တဝိုက်ကို စစ်ကောင်စီ လေယာဥ်အချိန်အတော်ကြာဝဲနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်ကြရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ်မှာ အရပ်သားပြည်သူနဲ့ စစ်ဘေးရှောင်ပြည်သူ ၇၄၆ ယောက်အထိ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ တိုးတက်သော ကရင်နီပြည်အင်အားစု (PKPF) က ဇွန် ၁ ရက်က ထုတ်ပြန်ထားပါတယ်။