
ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ် အနီးတဝိုက်မှာ ရုရှားမောင်းသူမဲ့လေယာဉ်နဲ့ ဒုံးကျည်တွေက ညလုံးပေါက် တိုက်ခိုက်လို့ လူ ၅ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ဇွန်၂၃ ရက် မှာပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် လူနေရပ်ကွက်တွေ မီးလောင်ခဲ့ပြီး ဗုံးခိုကျင်းအဖြစ်သုံးတဲ့ မြေအောက် ဘူတာရုံ ဝင်ပေါက်လဲ ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားဟာ တနင်္လာနေ့မှာ ယူကရိန်းပိုင်နက်ကို ပစ်မှတ်ထားပြီး ဒရုန်း ၃၅၂ စင်းနဲ့ ဒုံးကျည် ၁၆ စင်း ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။
ရုရှားနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေက တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီကနေ တနင်္လာနေ့ မနက် ၆ နာရီ အကြား ယူကရိန်းဒရုန်း ၁၆ စင်းကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
နော်ဝေးနိုင်ငံက ယူကရိန်း ကာကွယ်ရေးကဏ္ဍမှာ ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တနင်္ဂနွေနေ့ညနေ မိန့်ခွန်းမှာ ပြောပါတယ်။
Source: Reuters