
သင်တန်းဆင်းပြီးရင် ပဋိပက္ခဖြစ်ရာဒေသတွေမှာ တာဝန်ထမ်းဆောင်ဖို့ ပို့ဆောင်တာကြောင့် ဒုရဲအုပ်လောင်းအပတ်စဥ် ၁၂၂ မှာ လျှောက်ထားသူနည်းပါးလာလို့ စစ်ကောင်စီလက်အောက်ခံ ပြည် ထဲရေးဝန်ကြီးဌာနက လျှောက်ထားမယ့်ရက်ကို ၁ လအထိ တိုးမြှင့်လိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသား၊အမျိုးသမီး ဒုရဲအုပ်အပါတ်စဥ် ၁၂၂ ကို ယခင်က ဇွန်လ ၁၇ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမယ်လို့ သတ်မှတ်ခဲ့ပေမယ့် သင်တန်းသားဦးရေမပြ ည့်မီတာကြောင့် ဇူလိုင်လ ၁၁ အထိ တိုးမြှင့်လိုက်ရတာလို့ ရဲဝန်ထမ်းတယောက်က ပြောပါတယ်။
"ရဲဝန်ထမ်းမိသားစုထဲရော ရဲနဲ့ ရင်းနှီးပတ်သက်တဲ့သူ ထည့်တာတောင် သင်တန်းသားဦးရေ မပြည့်ဘူး။ ဒါကြောင့် ပြည်ထဲရေးက ဇူလိုင် ၁၁ ရက် အထိ ရက်တိုးပေးလိုက်တာ တလနီးပါးပေါ့ တလ ကြာမှ သင်တန်းသားဦးရေမပြည့်ရင် ခြွင်းချက်အနေနဲ့ အခြားအဆင့်တွေကို အစားထိုးပြီးတက်ခိုင်းဖို့ စီစဥ်နေတယ်။”
ဒုရဲအုပ်သင်တန်းဆင်းပြီး ပါက စစ်ကောင်စီက တိုက်ပွဲဖြစ်ရာဒေသတွေနဲ့ လုံခြုံရေးတပ်ရင်းတွေမှာ တာဝန်ပေးတာကြောင့် သေဆုံးသူတွေ ရှိပြီး ထောက်ပံ့အားပေးမှုလည်း နည်းတာကြောင့် ရဲသင်တန်းတက်လို့သူ နည်းပါးသွားတာလို့ အငြိမ်းစားရဲ ဝန်ထမ်းဟောင်း တယောက်က ပြောပါတယ်။
"သင်တန်းဆင်းလည်း စစ်တပ်နဲ့ ရင်းနှီးတဲ့သူတွေက ငွေပေးနိုင်တဲ့သူတွေက နေရာကောင်းတွေရ တယ်။ မရှိတဲ့သူဆို စစ်ဖြစ်နေတဲ့နေရာပို့တယ်။ ရဲတပ်ရင်းကိုပို့တယ်။ နခခမှာတွဲပေးတယ်။ အဲ့လိုတွဲပေးလိုက်မကြာဘူး တနှစ်လောက်ဆိုသေတာပဲ။ တချို့ဆို သင်တန်းဆင်းပြီး မိဘနဲ့ တကြိမ်ပဲ တွေ့ရတယ်၊ သေလား ရှင်လားမသိတဲ့ ရဲမိသားစုတွေအများကြီးပဲ။”
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ပြီးရင် တော်လှန်ရေးတပ်တွေရဲ့ ပစ်မှတ်က ရဲ ဝန်ထမ်းတွေ ဖြစ်လာပြီး အတူတကွလုပ်ကိုင်နေရတဲ့ စစ်ကောင်စီတပ်တွေရဲ့ ခွဲခြားဆက်ဆံတာပါ ခံရလို့ ရဲလုပ်ဖို့ စိတ်ပါဝင်စားမှုနည်းကြတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒုရဲအုပ်လောင်းအပတ်စဥ် ၁၂၁ /၂၀၂၄ သင်တန်းဆင်းပွဲမှာ သင်တန်းသားသင်တန်းသူဦးရေ ၃၂၇ ယောက်သင်တန်းဆင်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။