DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပို့စ်တင်သည့် MRTV ဝန်ထမ်းကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
June 23, 2025
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပို့စ်တင်သည့် MRTV ဝန်ထမ်းကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ဆုတောင်းပို့စ် လူမှုကွန်ရက်ပေါ် တင်တာကြောင့် ဆိုပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ MRTV ဝန်ထမ်း မနှင်းယဉ်ဖြူကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ အဖမ်းခံရတဲ့သူနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မှာ ကျရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အဖြစ် လူမှုကွန်ရက်ပေါ် မွေးနေ့ဆုတောင်းပို့စ် တင်တာကြောင့်ဆိုပြီး စစ်ကောင်စီက MRTV ဝန်ထမ်း မနှင်းယဉ်ဖြူ (ခ) နှောင်းနှောင်းကို ဇွန် ၂၁ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဖမ်းခံရသူနဲ့ နီးစပ်သူက “တို့က သူ့ကို နှောင်းနှောင်းလို့ခေါ်တာ။ အဖမ်းခံရတာ ဟုတ်တယ်။ စိတ်ထဲ နေလို့မကောင်းပါဘူး” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ MRTV ဝန်ထမ်းဖြစ်သူ မနှင်းယဉ်ဖြူ (ခ) နှောင်းနှောင်းဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းအဖြစ် လူမှုကွန်ရက်မှာ “Happy Birthday အမေစု၊ အသက်ရှည် အနာမဲ့ပါစေ၊ ဘဝဆက်တိုင်း ချစ်သောသူများနဲ့ ကွေကွင်းရခြင်းဒုက္ခမှ ဝေးပါစေ၊ သူတော်ကောင်းများနဲ့သာ ကြုံဆုံတွေ့ပါစေ” လို့ ရေးသား ဖော်ပြခဲ့တဲ့အပြင် ပန်းသပိတ်လှုပ်ရှားမှုအဖြစ် ပန်းပန်ထားတဲ့ ဓာတ်ပုံတွေကိုလည်း လူမှုကွန်ရက်မှာ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

MRTV CDM ဝန်ထမ်းတယောက်က “မရဘူးလေကွယ်၊ သူ(စကစ)က ငါနဲ့မတူ ငါ့ရန်သူပဲ။ ကိုယ့်ဝန်ထမ်း ဘာညာဆိုတာ မရှိဘူး။ သတိထား အလုပ်လုပ်နေကြရတာ။ တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေက သူမကို ဖမ်းဆီးဖို့ လှုံ့ဆော်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပို့စ်ကို ပြန်လည် ဖြုတ်ချပေးခဲ့ပေမဲ့လည်း ဖမ်းဆီးတာကို ခံလိုက်ရတာ” လို့ ပြောပါတယ်။

MRTV က ဝန်ထမ်း​ဖြစ်တဲ့ မနှင်းယဉ်ဖြူ (ခ) မနှောင်းနှောင်းကို စစ်ကောင်စီက နေပြည်တော်၊ တပ်ကုန်းမှာရှိတဲ့ MRTV ဝန်ထမ်းအိမ်ရာမှာ ရှိနေချိန် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူအသုံးပြုနေတဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကိုပါ စစ်ကောင်စီက သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

ဒီကနေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နဲ့ အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့တဲ့ AUGUST HNIN (နှင်းယဉ်ဖြူ) Facebook အကောင့်ပိုင်ရှင်ဖြစ်သူ နေပြည်တော် တပ်ကုန်းမြို့နယ်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းအိမ်ရာနေ နှင်းယဉ်ဖြူ (ခ) နှောင်းနှောင်းကို ဇွန်လ ၂၁ ရက်နေ့ ညပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ဝါဒဖြန်လှုံ့ဆော်မှုနဲ့ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၁ မှာ နေထိုင်တဲ့ မိုးမိုးဇော်ကိုလည်း ဇွန် ၂၁ ရက် ည ၁၁ နာရီမှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013