DVB Logo
Home
Lead Story
မြန်နှုန်းမြင့် ခေတ်သစ်စစ်ပွဲများ
DVB
·
June 22, 2025
မြန်နှုန်းမြင့် ခေတ်သစ်စစ်ပွဲများ
Donate to DVB

ယနေ့ခေတ်သည် နည်းပညာဆိုင်ရာကဏ္ဍများ အလွန်လျင်မြန်စွာတိုးတက်ပြောင်းလဲနေသော ခေတ်ဖြစ်သည်။

မြန်နှုန်းမြင့်အင်တာနက်၊ မြန်နှုန်းမြင့်ပို့ဆောင်ဆက်သွယ်ရေး၊ မြန်နှုန်းမြင့်ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ စသည်ဖြင့် ပြောင်းလဲတိုးတက်နေသော နည်းပညာများနှင့် အပြိုင်နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် လုပ်ငန်းပြီးမြောက်မှုနှုန်း လျင်မြန်စေရန်ကြိုးစားအားထုတ်လာ ကြသည်။ ဉာဏ်ရည်တုနည်းပညာ(AI) များ၏အကူအညီဖြင့် ယနေ့နှင့် မနက်ဖြန်ပင် မတူညီနိုင်တော့သည့်ခေတ်တွင် အလုပ်လျင်မြန်စွာပြီးမြောက်လိုကြသည်မှာ မဆန်းလှပါချေ။

အသိဉာဏ်ပညာ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံများသည် ပညာရေးစီးပွားကဏ္ဍများသာမက စစ်ပွဲများကိုပင် လျင်လျင်မြန်မြန် တိုက်ခိုက်အနိုင်ယူပြီး ၎င်းတို့၏ လိုလားချက်များကို တဖက်ရန်သူမှ လက်ခံလာအောင် ဆောင်ရွက်နိုင်ရန်အားထုတ်နေကြကြောင်းတွေ့ရ၏။

ဥပမာအနေဖြင့် အစ္စရေးနိုင်ငံက ယနေ့အချိန်တွင် ဆောင်ရွက်နေသော လုပ်ငန်းများကိုကြည့်လျှင်သိနိုင်၏။ အစ္စရေးတို့သည် ၎င်းတို့၏ရန်သူများကို အလစ်အငိုက်တွင် လက်ဦးမှုယူပြီး အလျင်အမြန်ချေမှုန်းတတ်သည့်သမိုင်းအစဉ်အလာကို ယနေ့အချိန်အထိ ထိန်းသိမ်းလုပ်ကိုင်နေကြသည်ကိုတွေ့ရ၏။ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အစ္စရေးတို့သည် Raising Lion ဟုအမည်ပေးထားသော စစ်ဆင်ရေးဖြင့် အီရန်နိုင်ငံကိုစတင်တိုက်ခိုက်ခဲ့၏။ စစ်ဆင်ရေးစတင်ပြီး တပတ်မပြည့်မီမှာပင် အီရန်စစ်တပ်၏ အဆင့်မြင့်တပ်မှူးကြီးများ၊ အီရန်နျူကလီးယားပညာရှင်များကို ချေမှုန်းနိုင်ခဲ့၏။ အီရန်နိုင်ငံ၏ လေပိုင်နက်ကိုလည်း စိုးမိုးထိန်းချုပ်နိုင်ခဲ့၏။

စစ်ဆင်ရေးတခုအနေဖြင့် လွန်စွာအောင်မြင်သည်မှာ ငြင်းမရသောအချက်ဖြစ်၏။ ထိုစစ်ဆင်ရေး၏ အဓိကရည်ရွယ်ချက်မှာ အီရန်နိုင်ငံ၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေးကို ဟန့်တားနိုင်ရနအတွက်ဟု အစ္စရေးတို့က အကြောင်းပြထား၏။ ဤတိုက်ခိုက်မှုများ၏နောက်ကွယ်တွင် အီရန်နိုင်ငံ၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေးကို ဟန့်တားခြင်းအပြင် အစ္စရေးနိုင်ငံအား တိုက်ခိုက်နေသောအဖွဲ့အစည်းများအား အီရန်နိုင်ငံ၏ နောက်ကွယ်မှထောက်ပံ့ပေးနေမှုများကို ချည့်နဲ့သွားစေရန် ရည်ရွယ်ချက်များရှိသည်ဟုလည်း နိုင်ငံတကာဆက်ဆံရေးပညာရှင်တို့က သုံးသပ်ထားကြ၏။ မည်သို့ပင်ဆိုစေ အစ္စရေးတို့သည် ၎င်းတို့၏ရည်မှန်းချက်များကို အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်ခဲ့သည်‌မှာ လက်တွေ့မြင်ရသော အမှန်တရားပင်ဖြစ်၏။

စစ်ပွဲများသည် ငွေကုန်ကြေးကျအလွန်များကာ စစ်ဆင်နွှဲနေသောနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတတ်၏။ ထို့ကြောင့် အသိဉာဏ်ပညာ တိုးတက်သော နိုင်ငံများအနေဖြင့် အခြေအနေအရ စစ်ပွဲဆင်နွှဲရမည်ဆိုလျှင် စစ်ပွဲကိုမြန်မြန်ဆန်ဆန် တိုက်ခိုက်ပြီး မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်နိုင်ရန် ကြိုးစားကြခြင်းဖြစ်၏။ ထိုသို့ စစ်ပွဲကို အလျင်အမြန် အနိုင်ယူနိုင်ရန် ကြိုးစားရာတွင် အလစ်အငိုက်တွင် လက်ဦးမှုရယူတိုက်ခိုက်ကြခြင်းဖြင့် အသာစီးရယူနိုင်ကြောင်း တွေ့ရ၏။

အလစ်အငိုက်တွင် လက်ဦးမှုယူတိုက်ခိုက်နိုင်ရန်အတွက် လျှို့ဝှက်သိုသိပ်စွာ ပြင်ဆင်နိုင်ရန်လည်း အရေးကြီးလှကြောင်း သာဓကများစွာရှိနေ၏။ အာရပ်-အစ္စရေးပဋိပက္ခများ တွင်လည်းကောင်း၊ မြန်မာပြည်တွင် ၂၀၂၃ ခုနှစ်က MNDAA၊ AA နှင့် TNLA တို့ပါ၀င်သော မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင်လည်းကောင်း လျှို့ဝှက် သိုသိပ်စွာစုဖွဲ့ပြင်ဆင်ပြီး၊ အလစ်အငိုက်တွင် လက်ဦးမှုရယူတိုက်ခိုက်ခြင်း၏ အကျိုးကျေးဇူးများကို သင်ခန်းစာယူနိုင်ပါသည်။ ထိုသို့စီမံတိုက်ခိုက်ခြင်းဖြင့် ရည်မှန်းချက် အောင်မြင်ခဲ့သည်ကိုလည်း တွေ့ရ၏။

ထို့ကြောင့် မြန်မာနိုင်ငံရှိ အာဏာလုစစ်အုပ်စုကိုတွန်းလှန်နေကြသော တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးသမားများ အနေဖြင့်မိမိတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် လျှို့ဝှက်သိုသိပ်စွာ စုဖွဲ့ပြင်ဆင်ပြီး အလစ်အငိုက်ရယူကာ ရန်သူကို လက်ဦးမှုယူတိုက်ခိုက်ခြင်းဖြင့် အောင်မြင်မှုအရယူရန် စီမံလုပ်ကိုင်ကြသင့်ပေသည်။ ထိုသို့ စီမံလုပ်ဆောင်နိုင်ရန် သတင်းလုံခြုံမှုကဏ္ဍကိုလည်း နည်းလမ်းပေါင်းစုံဖြင့် တိုးမြှင့်ကြရပေမည်။ အသိ၊ သတိ နှင့် ဉာဏ်ပညာတို့ ဦးဆောင်သော လုပ်ရပ်များဖြင့်သာ ပြည်သူလူထုအတွက် အောင်မြင်မှုများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်၏။

ဖွံ့ဖြိုးတိုးတက်မှုနှုန်း လျင်မြန်လှသော ကမ္ဘာကြီးတွင် စစ်နွံနစ်ပြီး နောက်ကျကျန်ခဲ့လျှင် မိမိတို့ မြန်မာတိုင်းရင်းသားအားလုံး၏ ဘ၀ရှေ့ရေးမှာ ရင်လေးဖွယ်ရာဖြစ်နေမည် ဖြစ်သည်။ နွေဦးတော်လှန်ရေး၏ အောင်ပွဲကို လျင်လျင်မြန်မြန်ရယူနိုင်ရန် အရေးကြီးလှပါ၏။ သို့မှသာ တိုးတက်ဖွံ့ဖြိုးသော ကမ္ဘာ့နိုင်ငံများကြားတွင် ရေရှည်ရှင်သန်ရပ်တည်နိုင်မည် ဖြစ်သည်။ အောင်ပွဲဆီသို့ ချီတက်ရာတွင် လုံခြုံလျင်မြန်စေသော နည်းလမ်းများကို သင်ခန်းစာယူ အသုံးချနိုင်လျင် အောင်မြင်မှုနှင့် ပို၍မြန်မြန်နီးစပ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် မိမိတို့တော်လှန်ရေးသမားများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့အရေးအခင်းများမှ သင်ခန်းစာနှင့် အခွင့်အလမ်းများကို အမိအရဖမ်းဆုပ်ပြီး နွေဦးတော်လှန်ရေးအတွက် အသုံးချနိုင်ရန်ကြိုးစားကြရမည်ဖြစ်သည်။ အသိ၊ သတိနှင့် ဉာဏ်ပညာတို့၏ ဦးဆောင်မှုဖြင့် မြန်မာပြည်သူတို့လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ရည်မှန်းချက်ပန်းတိုင်ဆီသို့ မြန်မာတိုင်းရင်းသားပေါင်းစုံ ညီအစ်ကိုမောင်နှမများ အမြန်ဆုံးရောက်ရှိနိုင်ကြပါစေကြောင်း ဆန္ဒမွန်ဖြင့်...။

ညိုသူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013