DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် လျှပ်စစ်မီးရရန် ကျပ်သိန်းချီပေးနေရ 
DVB
·
June 22, 2025
လားရှိုးတွင် လျှပ်စစ်မီးရရန် ကျပ်သိန်းချီပေးနေရ 
Donate to DVB

စစ်ကောင်စီ ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့က လျှပ်စစ်ရုံးဝန်ထမ်းတချို့ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး ညဘက်ကို လျှပ်စစ်မီးပေးဖို့ ၅ ညအတွက် ကျပ် ၂ သိန်းနှုန်းနဲ့ ဒေသခံတွေဆီက ငွေတောင်းခံနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ထဲက သူတို့နဲ့နီးစပ်သူတွေအိမ်ကနေ တအိမ် ငွေကျပ် ၂၀,၀၀၀ ကောက်ခံပြီးတော့ ၅ ည မီးရဖို့အတွက် လျှပ်စစ်ရုံးက ဝန်ထမ်းတချို့ကို ငွေကျပ် ၂ သိန်းပေးတာ လို့ ဆိုပါတယ်။

လားရှိုးမြို့ဒေသခံတယောက်က “ညဘက်တွေဆို ထရန်စဖော်မာထဲ ဝင်နိုင်တာ၊ ဝင်ရဲတာက မီးအကြောင်း နားလည်တာ EPC ကလူကလွဲလို့ ဘယ်သူရှိမလဲ။ ည ခိုးတင်ပေး၊ မနက်ကျဖြတ်ပေါ့။ လားရှိုးကြီးခွဲရုံကို ၂ သိန်းသွားပေးတာ၊ မီးရသူ မရသူတွေက အိမ်ကပ်လျက်တွေဆိုတော့ ပြဿနာကဖြစ်ကြတယ်။ မနေ့ညကထိ မီးလာနေတယ် ပိုက်ဆံပေးတဲ့လိုင်းက။ သူတို့လည်း အရင်က ပိုက်ဆံပေးရတယ်တဲ့ မီးလာတယ်။ ၅ ရက်လောက်ပဲ လာတယ်။ မလာတော့လို့ သွားပြောတော့ ပိုက်ဆံထပ်တောင်းတယ်။ အဲဒါနဲ့ မပေးတော့ဘူး။ ဆီဖိုးထက် ပိုများနေလို့” လို့ ပြောပါတယ်။

လားရှိုးမြို့အတွက်ရတဲ့ လျှပ်စစ်ခွဲတမ်းကို အရေးကြီးနေရာတွေဖြစ်တဲ့ ဆေးရုံ၊ ထွေအုပ်၊ ရဲစခန်းလိုင်းခန်းတွေနဲ့ စစ်ကောင်စီတပ်စခန်းဘက်တွေကို ပေးရပြီးတော့ ပိုတဲ့လျှပ်စစ် ဓာတ်အားကို Bar၊ KTV၊ အနှိပ်ခန်းတွေဆီ ရောင်းစားနေတာလို့ ဆိုပါတယ်။

လားရှိုးဒေသခံတယောက်က “အောက်ခြေက ဝန်ထမ်းတွေကလည်း ညညဆို လိုင်းခိုးတင်ပေးကြတယ်။ တအိမ် ၂၀,၀၀၀ နှုန်းကောက်ပြီး မီးခိုးတင်ပေးကြတယ်။ အထက်နဲ့ အောက် မသိကြဘူး။ ခိုးလုပ်နေကြတာ။ ကျနော်တို့ ရပ်ကွက်ထဲမှာလည်း အဲဒီလို လာလုပ်ကြတာ။ အခု ပြဿနာတက်နေတာက မီးရသူ၊ မရသူ အုပ်စုနှစ်ခု ဖြစ်နေတာ” လို့ ပြောပါတယ်။

လက်ရှိမှာ လားရှိုးက ရပ်ကွက်အများစုမှာ လျှပ်စစ်မီးမရသေးဘဲ မြို့ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကိုပဲ ၃ ရက်မှာ တရက်နှုန်းနဲ့ ရက်ခြားဖြန့်ဝေပေးနေတာလို့ ဆိုပါတယ်။

လားရှိုးမြို့ကနေ MNDAA တပ်တွေ ဆုတ်ခွာသွားပြီးနောက်မှာ မန္တလေးက လျှပ်စစ်အင်ဂျင်နီယာတွေက ရွှေလီရေအားလျှပ်စစ်ကနေ လားရှိုးမြို့ကို မီးပြန်ရဖို့ TNLA နဲ့ ဆွေးနွေးနေကြပေမယ့် မပြေလည်သေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013