DVB Logo
Home
မြန်မာသတင်း
ပြည်ပထွက်ခွင့် ကန့်သတ်ထားသဖြင့် အေဂျင်စီအများစု အလုပ်ခေါ်စာ အသစ်ရှာရန် ခက်ခဲ
DVB
·
June 21, 2025
ပြည်ပထွက်ခွင့် ကန့်သတ်ထားသဖြင့် အေဂျင်စီအများစု အလုပ်ခေါ်စာ အသစ်ရှာရန် ခက်ခဲ
Donate to DVB

စစ်ကောင်စီက အလုပ်သမားတွေ ပြည်ပထွက်ခွာတဲ့အပေါ် ကန့်သတ်ထိန်းချုပ်နေတာကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီအများစုမှာ အလုပ်ခေါ်စာအသစ်ရှာဖို့ အခက်ကြုံနေကြတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။

အေဂျင်စီတွေအနေနဲ့ အလုပ်ခေါ်စာကျထားပြီးသူတွေကို စေလွှတ်နိုင်ဖို့အတွက်ကိုပဲ ဦးစားပေးလုံးပန်းနေရပြီး နောက်ထပ် အလုပ်ခေါ်စာရဖို့အရေးကို လက်လျှော့ထားရတယ်လို့ ဆိုပါတယ်။

လုပ်သက်ရင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ဒါရိုက်တာတယောက်က “ခေါ်စာကျပြီးသားသူတွေကို ပြီးပြတ်အောင်ပို့နိုင်ဖို့အတွက်တောင် အတော်အချိန်ယူရဦးမှာ။ ကန့်သတ်ဦးရေအလိုက်ပဲ ခွင့်ပြုနေတော့ လုပ်ရကိုင်ရတာ အရမ်းဒုက္ခရောက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက မတ်လကစပြီး ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံလက်မှတ် (OWIC) လျှောက်ထားပြီးသူတွေ ပြန်လျှောက်ဖို့နဲ့ အေဂျင်စီတခုချင်းအလိုက် လစဥ်လျှောက်ရမဲ့ လုပ်သားဦးရေ ကန့်သတ်ထားတာဖြစ်ပါတယ်။

အေဂျင်စီတခုချင်းအလိုက် တလကို ထိုင်းနိုင်ငံအတွက် လုပ်သားအယောက် ၅၀၊ မလေးရှားနိုင်ငံ အယောက် ၂၀၊ ဂျပန်နိုင်ငံ ၁၅ ယောက်၊ ကိုရီးယားနိုင်ငံ ၁၀ ယောက်နဲ့ စင်ကာပူ နိုင်ငံအတွက် ၅ ယောက်ပဲ အလုပ်ခေါ်စာတင်ဖို့ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ 

ဒါ့အပြင် လာအိုနဲ့ ကျန်တခြားနိုင်ငံတွေအတွက်လည်း နိုင်ငံတခုကို ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာမတင်ဖို့ ကန့်သတ်ထားပါတယ်။

ဒါကြောင့် အေဂျင်စီတွေအနေနဲ့ အလုပ်ခေါ်စာများများရအောင် ကြိုးစားရှာဖွေလည်း လအလိုက် သတ်မှတ်ဦးရေပဲ တင်ပြ၊ စေလွှတ်ခွင့်ရတဲ့ အခြေအနေ ကြုံနေရတာလို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတယောက်က ဆိုပါတယ်။

“အလုပ်သမားပို့ပေးမယ်လို့ အာမခံထားပြီး အချိန်မီမပို့နိုင်လို့ တဖက်လုပ်ငန်းရှင်နဲ့ မျက်နှာပျက်ရတာမျိုးတွေဖြစ်လာတယ်။ အဲဒီလိုဆိုတော့ အလုပ်လုပ်ရတာ စိတ်ရှိသလောက် လုပ်မရတာမျိုး ဖြစ်ကုန်ရော။”

အခုလို ကန့်သတ်ထိန်းချုပ်တာတွေ ဆက်ရှိနေရင် အလုပ်သမားခေါ်တဲ့ နိုင်ငံတွေက လုပ်ငန်းရှင်းတွေအနေနဲ့ မြန်မာလုပ်သားတွေကို ခေါ်ရတာ အချိန်ပေးစောင့်ရတဲ့အပေါ် စိတ်ပျက်ပြီး တခြားနိုင်ငံကလုပ်သားတွေကိုပဲ တိုးခေါ်တာ၊ အချိန်မီမရောက်နိုင်တဲ့ အလုပ်သမားတွေရဲ့ အလုပ်ခေါ်စာဖျက်သိမ်းတာမျိုး ရှိလာနိုင်တယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ဖို့ ကုမ္ပဏီ ၆၀၀ ကျော်က အကျိုးဆောင်လိုင်စင်ရယူထားတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013