စင်ကာပူနိုင်ငံမှာ အောက်တိုဘာ ၉ ရက်က မီးခိုး မြူတွေဖုံးလွှမ်းနေပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ ထိပ်ဆုံးနေရာတွေမှာ ပါဝင်လာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အင်ဒိုနီးရှားရှိ ဆူမားတြားနဲ့ ဘော်နီယိုတို့မှာ တောမီးလောင်မှုတွေကြောင့် စင်ကာပူနိုင်ငံကို မီးခိုးငွေ့တွေ ရောက်ရှိလာပြီး မြူတွေ ဖုံးလွှမ်းနေတာ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံလိုပဲ မလေးရှားနိုင်ငံကလည်း လေထုညစ်ညမ်းမှုဖြစ်နေပြီး ဆွစ်ဇာလန် လေထုအရည်အသွေးစောင့်ကြည့်တဲ့ IQAir က ဖော်ပြတဲ့ ဇယားမှာ လေထုအညစ်ညမ်းဆုံးမြို့ ဖြစ်နေပါတယ်။
IQAir ရဲ့ လေထုအညစ်ညမ်းဆုံး မြို့တွေထဲမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ၂၂၂ နဲ့ ပထမဆုံးနေရာမှာ ရပ်တည်နေပြီး စင်ကာပူက ၂၁၂ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံ ကိုကာတားမြို့က အနီရောင်အဆင့် ၁၈၄ နဲ့ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ စင်ကာပူနဲ့ မလေးရှားတို့ဟာ ကျန်းမာရေးအရ အန္တရာယ်ရှိတဲ့ ခရမ်းရောင်အဆင့်ကို ရောက်နေတဲ့ စာရင်းမှာ ပါဝင်နေပါတယ်။
စင်ကာပူနိုင်ငံမှာ F1 ပြိုင်ပွဲ ကျင်းပဖို့ရှိပြီး စင်ကာပူဂရင်းပရီပြိုင်ပွဲ မတိုင်မီ လေထုညစ်ညမ်းနေမှု အပေါ် ပြိုင်ပွဲကျင်းပရေးအဖွဲ့က စိုးရိမ်နေကြပါတယ်။
ဒီတပတ်မှာပြုလုပ်မဲ့ ဖျော်ဖြေပွဲတွေနဲ့ အခြားလှုပ်ရှားမှုတွေကို ကန့်သတ်မှုတွေ လုပ်သွားဖွယ် ရှိပေမဲ့ ပြိုင်ပွဲကိုတော့ ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။











