Home
မြန်မာသတင်း
ဇွန်လကုန်ထိ မိုးများနိုင်ပြီး ကမ်းပါးပြိုကျနိုင်ဟု သတိပေး
DVB
·
June 21, 2025

ပြည်နယ်နဲ့ တိုင်းတချို့မှာ လာမယ့် ဇွန် ၂၁ ရက်ကနေ ၃၀ ရက်အထိ မိုးများနိုင်ပြီး ကမ်းပါးပြိုကျမှုတွေဖြစ်ပေါ်နိုင်တာကြောင့် မြစ်ကမ်းပါးဘေးနေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က တိုက်တွန်းပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ဘက်ခြမ်းနဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးများနိုင်တယ်လို့ ဆိုပါတယ်။

တိုင်းထွာချက်တွေအရ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကုန်းတွင်းပိုင်းထဲမှာ လေဖိအားနည်းရပ်ဝန်းအသစ်(လေပွေလှိုင်း) တခုဟာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တာကြောင့် ဇွန် ၃၀ ရက်အထိ မိုးများနိုင်တာလို့ ခန့်မှန်းပါတယ်။ 

ဒါကြောင့် ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေအားကောင်းရာကနေ အားအလွန်ကောင်းတဲ့အခြေအနေ ဆက်လက်ဖြစ်ပေါ်နိုင်ကာ မိုးပိုများနိုင်ပြီး ကမ်းပါးပြိုကျနိုင်တာတွေကြောင့် သတိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “ဧရာဝတီမြစ်ရေ တက်လာပြီဆိုရင် စိုးရိမ်ရေမှတ်ကိုတော့ မရောက်ဘူး၊ ၁၀ ပေ ၁၅ ပေကနေ ပေ ၂၀ ထိလိုသေးတယ်။ အဲဒီမှာ ရေစီးကြမ်းသွားတာတွေ မြစ်ရေတိုးတာတွေ ဖြစ်ပြီးတော့ ကမ်းပါးပြိုတာတွေ ဖြစ်တယ်။ အဲတော့ ကမ်းပါးနဲ့နီးတဲ့ ဒေသတွေ သတိထားဖို့လိုတယ်။ ခုချိန်မျိုးမှာတော့ ကမ်းပါးပြိုကျပြီး အိမ်တွေပြိုပြီးပါသွားနိုင်တဲ့ နေရာမျိုးတွေက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကိုရွှေ့ဖို့လိုတယ်။ ပြီးတော့ ကမ်းပါးပြိုတော့မယ်ဆိုရင် အက်ကြောင်းအရင်ပေါ်လာတယ်။ အက်ကြောင်းပေါပြီးတော့မှ ကမ်းနဲ့နီးတဲ့နေရာကနေပြီးတော့ ကမ်းပါးပြိုတဲ့ အသံအကျယ်ကြီးတွေ ကြားရပါတယ်။ အဲတော့ ဒီလိုအန္တရာယ်ရှိတဲ့နေရာတွေ ဟင်္သာတရဲ့ မြစ်ကမ်းဘေးနေတဲ့ဒေသတွေ ညောင်တုန်း၊ အင်္ဂပူစတဲ့ ဒေသတွေမှာ သတိထားရပါမယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ဖျား‌ဒေသတွေနဲ့ ချင်းတွင်းမြစ်ဖျားဒေသတွေမှာလည်း မိုးဆက်လက် ရွာသွန်းပြီး မိုးရေချိန်များနိုင်ကာ၊ မြစ်ရေဆက်လက်မြင့်တက်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ဇွန် ၂၀ ရက်မနက် ၁၀ နာရီလောက်မှာလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း မိုးများပြီးတော့ ခပေါင်းချောင်းရေလျှံကာ  ကျေးရွာတွေမှာ လျှပ်တပြက် ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် တောင်ငူမြို့အနောက်ဘက် ရေချမ်း၊ သျှားယားကုန်း၊ ကင်းဆိပ်စတဲ့ ကျေးရွာတွေအပါအဝင် လျှပ်တပြက်ရေကြီးမှုဖြစ်ခဲ့တဲ့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာကို ယာယီ ရွှေ့ပြောင်းနေရတယ်လို့ ဆိုပါတယ်။ 

ကင်းဆိပ်ရွာသားတယောက်က “တောင်ပေါ်မှာ မိုးရွာပြီး‌ တောင်ကျရေနဲ့ ပေါင်းပြီးတော့ ပန်းပဲချောင်းကနေပေါင်းစပ်ပြီးတော့ လာတဲ့ရေပေါ့။ ဒါကတော့ တောင်ကျရေဖြစ်သွားတာပေါ့။ ဇွန်၁၉ ရက် ည ၁၀ နာရီလောက်ကတည်းက ရေတက်တာ၊ တက်လိုက်ပြန်ကျလိုက်နဲ့ မနေ့ (ဇွန် ၂၀ ရက်) မနက်  ၁၀ နာရီလောက်မှာ ရေကြီးသွားတာပေါ့။ လူတရပ်လောက်ရေတက်သွားတယ်၊ ၅ ပေ ၆ ပေ လောက်ပေါ့။ အဓိကက ကင်းဆိပ်ပေါ့နော်၊ တောင်ပေါ်မှာ မိုးရွာသွားလို့ပေါ့နော်။ လောလောဆယ်ကတော့ မိုးမရွာတော့ဘူး။ နေတော့ နည်းနည်းသာနေတယ်။ မိုးရွာရင်တော့ ကြောက်ဖို့ကောင်းတယ်။ မိုးများမယ်ဆိုရင်လည်း ရေထပ်ကြီးဖို့ အခြေအနေရှိပါတယ်။ လက်ရှိကတော့ ရေကျသွားပြီဗျ”လို့ ပြောပါတယ်။

ဒါ့အပြင် တောင်ငူမြို့ ဆူးတက်ရွာလယ် ကျောင်းတံတားနဲ့ လက်ခုပ်ကုန်းတံတားတွေဟာ ရုတ်တရက် ရေတိုးလာတာကြောင့် ကျိုးကျပျက်စီးသွားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီ မိုးဇလဌာနကလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ မုတ်သုံလေ အားကောင်းနေတာကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းတွေကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်တယ်လို့  ဇွန် ၂၀ ရက်မှာ သတိပေးထုတ်ပြန်ထားပါတယ်။ 

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေ ကနေ ၁၂ ပေလောက် ရှိနိုင်ပါတယ်လို့ ဆိုထားပါတယ်။ 

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024