
ဇွန် ၂၀ ရက်ဟာ ကမ္ဘာ့ဒုက္ခသည်နေ့ဖြစ်ပြီး ဒုက္ခသည်တွေနဲ့အတူ သွေးစည်းညီညွတ်စွာ ရပ်တည်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပေမဲ့ ကမ္ဘာတဝန်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စစ်မက်ဖြစ်ပွားမှုတွေနဲ မရေမတွက်နိုင်တဲ့ ပဋိပက္ခအကျပ်အတည်းတွေကြားမှာ ကမ္ဘာတဝန်းက ဒုက္ခသည်တွေ ဖြတ်သန်းနေကြရတဲ့နည်းတူ မြန်မာဒုက္ခသည်တွေရဲ့ ဘဝတွေဟာလည်း မရေရာ မသေချာ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေနဲ့ ကြုံတွေ့နေကြရပါတယ်။
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ် အခမ်းအနားကိုတော့ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ တာဆောင်ယမ်းမြို့အနီးရှိ မြန်မာစစ်ဘေးရှောင်တွေ အများစု ခိုလှုံနေထိုင်နေတဲ့ မယ်လဒုက္ခသည်စခန်းမှာ ဒီနေ့မနက်က ကျင်းပပါတယ်။
ဒီစခန်းမှာနေထိုင်သူတွေဟာ မြန်မာပြည်တွင်းစစ်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကြာ ကတည်းက စစ်ဘေးရှောင်လာကြသူတွေဖြစ်ပြီး တချို့မိသားစုတွေကတော့ တတိယနိုင်ငံတွေကို ထွက်ခွါသွားသူတွေရှိသလို စစ်ရှောင်စခန်းမှာပဲ ကျန်ရစ်နေသူတွေလည်း ရှိပါတယ်။
မြန်မာပြည်တွင်းမှာ စစ်အာဏာရှင်အဆက်ဆက်အုပ်စိုးနေတာကြောင့် မိမိဒေသကို ပြန်လည်နေထိုင် ရပ်တည်ဖို့အတွက် အခက်ခဲများစွာရှိသလို အသက် အန္တရာယ်လည်းရှိနေတာ ကြောင့် နေရပ်မပြန်နိုင်ဖြစ်နေကြတာလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းမှာဆိုရင်လည်း တောင်ယာနဲ့ လယ်စိုက်ပျိုးရေးလုပ်မရတဲ့အထိ စစ်အာဏာရှင်က နှောင့်ယှက်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့်မှုတာတွေ ရှိနေတယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။
မြန်မာပြည်တွင်းနေရာအနှံ့အပြားမှာလည်း လက်ရှိအာဏာသိမ်း စစ်တပ်ကြောင့် စစ်ရှောင်သူတွေ ဆက်ရှိနေတဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်လည်း စစ်ရှောင်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။
မြန်မာ-ထိုင်းနယ်စပ် တာ့ခ်ခရိုင်၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီနဲ့ မယ်ဟောင်ဆောင်ခရိုင်တွေမှာ ဒုက္ခသည်စခန်း စုစုပေါင်း ၉ ဖွင့်လှစ်ထားကာ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် ပေါင်း တသိန်းကျော် ခိုလှုံနေကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်က စစ်ရှောင်စခန်းတခုမှာ ၁၅ နှစ်ကျော် နေနေတဲ့ ကရင်စစ်ဘေးဒုက္ခသည် တယောက်က ဒီကာလအတွင်း သူ့ရဲ့အပြောင်းအလဲကို အခုလိုပြောပါတယ်။
“အပြောင်းအလဲကတော့ အများကြီးပဲ ဒါပေမဲ့ ကိုယ့်လက်ရှိ အခြေအနေနဲ့ ကိုယ့်ရပ်ရွာနဲ့ ပြန်ကြည့်ရမယ်ဆိုရင်တော့ ကောင်းတဲ့ပြောင်းလဲမှုလို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ရွာမှာက ပိုဆိုးနေတာ၊ အိမ်မှာဆို နေရင် မအိပ်ရဘူး၊ ကလေးနဲ့ အဘွားကြီးတွေပဲ အိမ်မှာနေရတယ်။ ယောကျ်ားသားတွေ အဖေတို့ အစ်ကိုတို့က အပြင်မှာပဲ အိပ်ရတယ်၊ ပေါ်တာဆွဲမှာကြောက်လို့လေ။ အဲလိုပဲ နေရတယ်ဆိုတော့ ဒီမှာက အေးအေးချမ်းချမ်း အိပ်ရသေးတယ်။ ပြီးရင် လုံခြုံမှုရှိတယ်။ သူများနိုင်ငံမှာ နေရတာ မျက်နှာငယ်တယ် ဆိုပေမဲ့ ကိုယ့်နိုင်ငံက ပိုဆိုးနေတော့လေ နည်းနည်းသက်သာတယ်လို့ ပြောရမှာပေါ့လေ။”
သူဟာ ၂၀၀၇ လောက်တည်းက ဇာတိဖြစ်တဲ့ ကရင်ပြည်နယ် ကော့ကရိတ်-ကျုံဒိုး အနီးနား ရွာကနေ မိသားစုလိုက် ထွက်ပြေးလာကြရတဲ့သူ ဖြစ်ပါတယ်။
ကရင်စစ်ဘေးဒုက္ခသည်တယောက်ကလည်း “အဲ့တုန်းက စစ်မဖြစ်ဘူး ဆိုပေမဲ့ ပေါ်တာဖမ်းတာနဲ့ လုပ်အားပေးခိုင်းတယ်လေ၊ ပြီးရင်လည်း အိမ်မှာ ကိုယ်က အလုပ်လုပ်သလောက် ဝင်ငွေက မသုံးရဘူး။ ဆက်ကြေးတွေ အရမ်းပေးရတယ်။ နှစ်ဖက်ပေးရတာပေါ့နော်။ မြန်မာဘက်လည်း ပေးရတယ်၊ ကရင်ဘက်လည်း ပေးရတယ်။ နှစ်ဖက် နှစ်ဖက် အဲဒါကြောင့် အမေတို့က ပြောင်းလာတာ” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံက စစ်ရှောင်စခန်းကို သူတို့ မိသားစုလိုက် ရောက်လာခဲ့ပြီး ၁၅ နှစ်ကျော်တဲ့အထိ သူတို့တွေ အခြေမကျသေးပါဘူး။ စစ်ရှောင်တယောက်အနေနဲ့ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့် မရတာတွေ၊ သွားရလာရတဲ့ အခြေအနေတွေကို ကန့်သတ်တာတွေနဲ့ ထိုင်းရဲတွေရဲ့ အဖမ်းအဆီးကြမ်းမှုတွေက စစ်ရှောင်တွေ နေ့စဉ် ကြုံတွေ့ခံစားနေရတဲ့ နိစ္စဓူဝ ပြဿနာတွေပါ။
အရင်က ဒုက္ခသည်စခန်းက ဒုက္ခသည်တယောက်အတွက် ရိက္ခာထောက်ပံ့ကြေး တလကို ထိုင်းဘတ်ငွေ ၃၀၀ ကျော် ထောက်ပံ့ခဲ့ပါတယ်။ အဲဒီပမာဏဟာ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ တရက်စာ အနိမ့်ဆုံးလုပ်ခလစာနဲ့ မတိမ်းမယိမ်းပါ။
ဒါပေမဲ့ အခုနောက်ပိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်လာပြီးနောက်ပိုင်းမှာ နိုင်ငံတကာ အကူအညီပေးရေး ရန်ပုံငွေတွေကို လျှော့ချလိုက်တာကြောင့် သူတို့ စစ်ရှောင်စခန်းကနေ ပုံမှန်ရနေကြ ထောက်ပံ့ကြေးအဖြစ် တလကို ဘတ် ၈၀ သာ ရပါတော့တယ်။
တဖက်မှာလည်း အဲဒီဒုက္ခတွေကနေ လွတ်ရာလွတ်လမ်းဖြစ်တဲ့ တတိယနိုင်ငံသွားဖို့ အတွက်လည်း သူမတို့မိသားစု အရာအားလုံး အဆင်သင့်ဖြစ်တဲ့ အချိန်ကျမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပေါ်လစီ အပြောင်းအလဲကြောင့် သူ့ရဲ့ တတိယနိုင်ငံအိပ်မက်လည်း ဝေဝါးသွားခဲ့ပါတယ်။
ကရင်စစ်ဘေးဒုက္ခသည်တယောက်က “ပြောရမယ်ဆိုရင် ဒုက္ခသည်ရဲ့ အနာဂတ်က တော်တော်လေးကို မှုန်ဝါးတယ် ပြောရမယ်။ ကိုယ်က အရင်တုန်းကဆိုရင် ၂၀၁၉ ခေတ်ကောင်းလာတုန်းက ကိုယ့်နိုင်ငံကို ပြန်မယ်၊ ကိုယ့်မြို့ ကိုယ့်ရွာ ပြန်မယ်လို့ စီစဥ်လိုက်တယ်။ စီစဉ်ရုံပဲ ရှိသေးတယ်၊ ဒီလို နိုင်ငံရေးအပြောင်းအလဲကြောင့် ဒီဘက် ပြန်ရောက်လာပြန်ကော။ ဒီဘက် ပြန်ရောက်ပြန်တော့လည်း အမေရိကန်အစိုးရက ခေါ်မယ်ဆိုတော့ ဝမ်းသာတာပေါ့။ ကိုယ်က တခြားနိုင်ငံ သွားရမယ်ဆိုတော့ ဒီဒုက္ခသည်မှာလည်း မနေချင်တော့ဘူးလေ။ ဒီကနေ ရုန်းထွက်ချင်တာပေါ့။ ဝမ်းသာတယ်၊ ဒါပေမဲ့ ဝမ်းသာလို့ပဲ ပြီးသေးတယ်၊ ဒီလိုမျိုး ဖြစ်သွားပြန်ရော၊ ပြောရမယ်ဆိုရင် ဒုက္ခသည်တွေရဲ့ အနာဂတ်က ဘာမှ ဖော်ပြလို့မရဘူး။ ချက်ချင်းပြောင်းလဲသွားနိုင်တယ်၊ ကိုယ့်အနာဂတ်ကို ကိုယ်ကိုယ်တိုင်တောင် ဖန်တီးခွင့်လည်း မရှိဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။
၂၀၁၉ လောက်မှာ သူတို့မိသားစု စစ်ရှောင်စခန်းကနေ အိမ်ပြန်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် သူ့ရဲ့ရွာဟာ စစ်တလင်းဖြစ်လာတဲ့အတွက် နယ်စပ်က စစ်ရှောင်စခန်းကိုပဲ သူတို့ ပြန်ပြေးလာခဲ့ရပါတယ်။
“အခုလက်ရှိ ရွာမှာဆိုရင် အလုံးကြီးတွေနဲ့လည်း ပစ်တယ်၊ ဒရုန်းတွေနဲ့လည်း လာပစ်တယ်လေ၊ အခု ကိုယ့်ရွာက ကိုယ့်ဆွေမျိုးသားချင်းထဲက မိသားစုလိုက် နာရေးထဲမှာ ဒရုန်းနဲ့ လာပစ်သွားတယ်။ ၅၄၅ (ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၄၅) နီးတဲ့ ရွာမှာလေ ကိုယ့်တဝမ်းကွဲတွေပါပဲ၊ အမေ့တဝမ်းကွဲတွေ၊ အဲလိုသတင်းတွေ ကြားရတော့ ကိုယ်သာ ရွာမှာနေမယ်ဆိုရင် ကိုယ်လည်း ဘယ်အချိန်သေမလဲ မသိဘူး။ ဘာဖြစ်လို့လဲဆို ကိုယ့်ဆွေမျိုး ဦးလေးတွေဆို ကော့ကရိတ်မှာလည်း မနေရတော့ဘူး။ ကျုံဒိုးမှာလည်း အမျိုးတွေ အများကြီးပဲ၊ ရွာမှာ မနေရဘူး၊ မြို့မှာလည်း နေမရဘူး၊ လက်ရှိအခြေအနေဆို ကိုယ်က နည်းနည်းသက်သာတယ် ပြောလို့ရတယ်။ သူတို့လည်း ပြောပါတယ်၊ ဖုန်းဆက်ပြီးတော့ နင်တို့က ပြေးလို့ရသေးတယ်၊ နင်တို့က အိပ်လို့ရသေးတယ်၊ ငါတို့က မအိပ်ရဘူး၊ ကိုယ့်အိမ်လည်း မနေရဘူး။ အဲလိုဆိုတော့ ပြောင်းလဲမှုကတော့ လက်ရှိအခြေအနေဆိုရင်တော့ ကောင်းတာပေါ့နော်။ ဒါပေမဲ့ ပညာရေးနဲ့ ကြည့်မယ်ဆိုရင်တော့ ကိုယ်က ဒုက္ခသည်၊ ပညာရေး ဒီနယ်စပ်ပညာရေးနဲ့ ကြည့်ရမယ်ဆိုရင် ပညာရေးက ဟိုဘက်နိုင်ငံလည်းမရောက် ဒီဘက်နိုင်ငံလည်းမရောက် ဖြစ်သွားတာပေါ့။”
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အချက်အလက်တွေအရဆိုရင် ၂၀၂၅ ခုနှစ် မေ ၃၁ ရက်အထိ မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ရောက်ရှိနေတဲ့ ဒုက္ခသည်ဦးရေဟာ ၁ ဒသမ ၅ သန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။ အဲ့ထဲကမှ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာဒုက္ခသည် ၁၀၀,၀၀၀ ကျော်ထိ ရှိလာနေပါပြီ။
အဲဒီ ဒုက္ခသည်စခန်း ၉ ခုမှာ ကရင်လူမျိုးက ၈၁ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီးတော့ ကရင်နီလူမျိုးက ၈ ဒသမ ၈ ရာခိုင်နှုန်း ရှိနေပါပြီ။ ဒီကိန်းဂဏန်း အချက်အလက်တွေဟာ ပြည်ပကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် ဦးရေတွေပါ။ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူက ၃ ဒသမ ၅ သန်းကျော် ရှိပါတယ်။ စစ်ကိုင်းတိုင်းက ၁ ဒသမ ၂ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး ကရင်ပြည်နယ်က ၂ သိန်းခွဲကျော်၊ ကရင်နီပြည်နယ်မှာက ၁၀၀,၀၀၀ ကျော် ရှိနေပါသေးတယ်။
ကရင်နီစစ်ရှောင်စခန်းတာဝန်ခံတယောက်က “ကိုယ်တိုင်ကလည်း အခု ဒီလိုမျိုး ကာလကြာလာတာနဲ့အမျှ အိမ်ပြန်ဖို့ဆိုတဲ့ ယုံကြည်ချက်ကတော့ မပျောက်သေးဘူးပေါ့၊ မပျောက်သေးဘူး ဆိုပေမဲ့ ဘယ်အချိန်မှာ ပြန်ရမလဲဆိုတဲ့ မေးခွန်း ထပ်လာတဲ့အခါမှာ ကျနော်တို့က ကိုယ့်ကို အဲဒီမေးခွန်း ဘယ်အချိန်မှ ပြန်ရမလဲဆိုတဲ့ မေးရင်တော့ မသေချာမှုတွေက ပိုများလာတယ်။ ပြန်ရဖို့က ရှိမယ်ဆိုရင်တောင် ပြန်ရမယ့်အချိန် ကိုယ်ရှိသေးရဲ့လား အနေအထားမျိုး ဖြစ်သွားတယ်။ ငါတို့ အသက်ရှင်ဦးပါ့မလား၊ အထူးသဖြင့် သက်ကြီးပိုင်း မိဘတွေအနေနဲ့ အဲဒီစိတ်တွေ အများကြီးဝင်လာတယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်ပေါ့နော်။ ဒါ စိတ်ပိုင်းဆိုင်ရာပေါ့” လို့ ပြောပါတယ်။
ကရင်နီက စစ်ဘေးရှောင် ဒုက္ခသည်တွေ စစ်ရှောင်နေရတာကလည်း ၄ နှစ်ကျော်လာခဲ့ပါပြီ။ စစ်ရှောင်ရတဲ့အချိန် ကြာလာတာနဲ့အတူ စစ်ရှောင်စခန်းတွေမှာ လူဦးရေထူထပ်လာတာတွေ၊ အခြေခံထောက်ပံ့ပစ္စည်းတွေ မလုံလောက်တာတွေနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေက ကရင်နီစစ်ရှောင်စခန်းတွေမှာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။
အလုပ်အကိုင်မရှိ ဝင်ငွေမရှိတဲ့အပြင် တနေ့စာစားဖို့အတွက် အပြင်ထွက်ရှာရင်တောင် မြေမြှုပ်မိုင်းနဲ့ လေယာဉ်ဒဏ် ကြောက်နေရတဲ့ ကရင်နီစစ်ရှောင်တွေရဲ့ စိတ်ဒဏ်ရာကလည်း စိုးရိမ်စရာ ဖြစ်ပါတယ်။
ကရင်နီစစ်ရှောင်စခန်းတာဝန်ခံက “ဆိုတော့ စခန်းမှာတော့ အဲဒီ စိတ်ပိုင်းဆိုင်ရာအရ အားငယ်လွန်းလို့ ဒီမှာမနေရဲတော့ဘူး ဆိုတဲ့ အနေအထားမျိုး ထွက်သွားတာမျိုးတော့ မရှိဘူးပေါ့။ ဒါပေမဲ့ ဒီ တခြားသော ဘေးပတ်ဝန်းကျင် ပြောရမှာပေါ့၊ ပြီးခဲ့တဲ့နှစ်တွေကော ဒီနှစ်ထဲမှာကော Sucide Case တွေလည်း ကျနော်တို့ ကြားလာရတာလေးတွေလည်း ရှိတယ်။ ဒီလို Case တွေကို အဖွဲ့အစည်းတွေကြား စစ်ရှောင်တွေကြားမှာ ပြောကြတယ်။ အဲ့လောက်ထိတောင် ဖြစ်သွားတယ်။ သူတို့ ဘယ်လောက်တောင်မှ ရင်ထုမနာ ခံစားရမလဲ ဆိုတဲ့ဟာလေးတွေပေါ့။ ဒီအခက်အခဲ ဒီဒုက္ခတွေ ဒီပြဿနာတွေကို ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်တွေးကြတယ်၊ ပြန်ပြောကြတယ် ဆိုတဲ့ အနေအထားမျိုးမှာလည်း ရှိတယ်။ ဆိုတော့ ပြင်ပအနေနဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကုသပေးတာ လာပြီးတော့ နှစ်သိမ့်အားပေးတာမျိုး အနေနဲ့ ဒီစခန်းမှာတော့ သေချာပြောနိုင်တာ တခုမှမရှိဘူး” လို့ ပြောပါတယ်။
ပြည်တွင်းမှာရှိနေတဲ့ ကရင်နီက စစ်ရှောင်စခန်းတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ လိုအပ်နေသလို စိတ်ပိုင်းဆိုင်ရာ အားပေးစောင့်ရှောက်မှုတွေ အထူးလိုအ ပ်နေပါတယ်။
ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ The Border Consortium (TBC) က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
TBC ရဲ့ ထုတ်ပြန်ချက်အရ တရားဝင်အလုပ်လုပ်ခွင့်ရှိခြင်းက ဒုက္ခသည်တွေ၊ မိသားစုဝင်တွေကို ကိုယ်တိုင်ထောက်ပံ့နိုင်မှာဖြစ်ပြီး လူသားချင်းစာနာမှု အခြေပြု အကူအညီများအပေါ် မှီခိုမှုကို လျှော့ချနိုင်မယ်လို့ ဖော်ပြထားပါ။
လက်ရှိခြေအနေမှာတော့ မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ ဘဝတွေ အသစ်တဖန် ပြန်လည်တည်ဆောက်နိုင်ဖို့၊ ကိုယ့်မြေ ကိုယ့်ရေကို ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နေထိုင်နိုင်ဖို့ မျှော်လင့်ချက်တွေကတော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။
မောရစ်