
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ မြန်မာစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်တဲ့ နို့ဖိုးဒုက္ခသည်စခန်းမှာ နိုဝင်ဘာ ၂၈ ရက် ၉ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် ယာယီစစ်ရှောင်စခန်း အမှတ် ၆ ရပ်ကွက် လူနေအိမ် ၃ လုံး ဆုံးရှုံးသွားပြီး မိသားစုဝင် ၂၅ ယောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ လူတွေတော့ ထိခိုက်သေဆုံးမှုမရှိပေမဲ့ ဘတ် ၁၀၀,၀၀၀ ဖိုးလောက် ဆုံးရှုံးသွားပါတယ်။
စခန်းထဲက နေအိမ်တအိမ်မှာ လျှပ်စစ်ဝါယာရှော့ဖြစ်လို့ စတင်မီးလောင်ခဲ့တာဖြစ်ပြီး ဒီနောက် ဂက်စ်အိုးကိုကူးသွားကာ ပေါက်ကွဲ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။
မီးဘေးဒုက္ခသည်တွေကို ဒေသခံလူမှုကူညီရေးနဲ့ ထိုင်းဒေသခံတွေက ဝိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ယာယီ မြန်မာစစ်ရှောင်စခန်း ၁၁ ခု ကျန်ရှိနေပြီး မြန်မာနိုင်ငံက ကရင်တိုင်းရင်းသားအများစု အပါအဝင် စစ်ဘေးဒုက္ခသည်တွေ နှစ်ပေါင်းများစွာ ခိုလှုံနေထိုင်နေကြတာဖြစ်ပြီး တတိယနိုင်ငံကို ထွက်ခွာဖို့ စောင့်ဆိုင်းနေကြသူတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံတွင်းမှာ လက်ရှိ တိုက်ပွဲတွေဖြစ်ပွားပြီး အခြေအနေ ပိုမိုဆိုးရွားနေသလို နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းက မြဝတီမြို့တောင်ဘက် ရွှေအေးမြိုင်ရပ်ကွက်မှာလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲသွားခဲ့ပါတယ်။